မန္တလေးမြို့ပတ်လမ်းက စားသောက်ဆိုင် သုံးဆယ်နီးပါး ဖျက်သိမ်းခံရ

စားသောက်ဆိုင်စုစုပေါင်း ၃၄ ဆိုင်ရှိတဲ့အနက် အခြားနည်းသုံးစွဲခွင့် မလျှောက်ထားဘဲဖွင့်ထားတဲ့ ဆိုင်သုံးဆယ်ခန့်ကို ဧပြီလ ၅ ရက်နေ့နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းထားတာလို့ ဆိုပါတယ်။

မန္တလေးမြို့ မြို့ပတ်လမ်းအရှေ့ဘက် ရေတံခွန်တောင်ဂေါက်ကွင်းလမ်းရှိ ဖျက်သိမ်းခံရသည့် စားသောက်ဆိုင်တစ်ဆိုင်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၆ ရက်နေ့က တွေ့ရစဥ်။ Citizen Journalist

မန္တလေးမြို့ပတ်လမ်းအရှေ့ဘက် ရေတံခွန်တောင်ဂေါက်ကွင်းလမ်းတစ်လျှောက်မှာ ဖွင့်ထားတဲ့ စားသောက်ဆိုင် သုံးဆယ်ခန့်ကို လယ်မြေပေါ်မှာ အခြားနည်းသုံးစွဲခွင့် မလျှောက်ထားဘဲ ဖွင့်ထားတာ ကြောင့်ဆိုပြီး ဧပြီလ ၆ ရက်နေ့ကစ ဖျက်သိမ်းလိုက်တယ်လို့ ဒေသခံတွေနဲ့ ဆိုင်ပိုင်ရှင်တွေက ဒီနေ့ပြောပါတယ်။

စားသောက်ဆိုင်စုစုပေါင်း ၃၄ ဆိုင်ရှိတဲ့အနက် အခြားနည်းသုံးစွဲခွင့် မလျှောက်ထားဘဲဖွင့်ထားတဲ့ ဆိုင်သုံးဆယ်ခန့်ကို ဧပြီလ ၅ ရက်နေ့နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းထားတာလို့ ဆိုပါတယ်။

အခြားနည်းသုံးစွဲခွင့်လျှောက်ခဲ့ပေမယ့် မရခဲ့တာကြောင့် အခွန်တွေအမြဲပေးပြီး ဖွင့်ထားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့လည်း ဒီလိုပဲ ရပ်တည်ခဲ့ကြတာ။ အခြားနည်းသုံးစွဲခွင့် လျှောက်တော့လျှောက်တယ် မရကြတာ။ ကျွန်တော်တို့ဘက်က အခွန်လည်း အမြဲတမ်းဆောင်တယ်။ အစိုးရကို လယ်မြေ နစ်နာကြေးငွေဆိုလည်း ပေးလိုက်တာ၊ စည်ပင်လိုင်စင်ခွန်ဆိုလည်း ကျွန်တော်တို့ အမြဲတမ်း မှန်မှန်ကန်ကန်ပေးခဲ့တယ်"

လက်ရှိမှာ ကိုယ်တိုင်မဖျက်သိမ်းနိုင်တဲ့ စားသောက်ဆိုင်တချို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေက စက်ယန္တရားတွေနဲ့ ဖြိုချနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က အသိပေးအကြောင်းကြားစာထဲမှာတော့ အဲဒီစားသောက်ဆိုင်တွေဟာ လယ်ကွင်းတွေ ပေါ်မှာ အဆောက်အအုံ အခိုင်အမာ ဆောက်လုပ်ထားပြီး စည်းကမ်းသတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် ဖျက်သိမ်းခိုင်းတာလို့ ပါရှိပါတယ်။

စားသောက်ဆိုင်အများစုကို တရုတ်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်ကြပြီး လာရောက်လည်ပတ်စားသုံးသူတွေနဲ့ စည်ကားတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်ကလည်း အဲဒီလမ်းတစ်လျှောက်က စားသောက်ဆိုင်တွေကို ဖယ်ရှားပေးဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဆိုင်ပိုင်ရှင်တွေဘက်က သွားရောက်ညှိနှိုင်းခဲ့တာကြောင့် ဖယ်ရှားမခံခဲ့ရဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်အုပ်စုက ရွာတွေမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး လျှပ်စစ်ဓာတ်အားလိုင်းနဲ့ မလွတ်တဲ့ နေအိမ်ခြောက်ရာကျော်ကို စစ်ကောင်စီဘက်က ဖယ်ရှားတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org