မန်တုံမြို့ကို ဝင်ထွက်ခွင့် ပိတ်ထား

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မန်တုံမြို့မှာ ဒေသခံတွေ သွားလာမှုတွေကို သြဂုတ် ၅ ရက်ကစပြီး တပ်မတော်က ပိတ်ထားတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကနေ သိရပါတယ်။

မန်တုံမြို့ဝင် ဆိုင်းပုဒ်ကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မန်တုံမြို့မှာ ဒေသခံတွေ သွားလာမှုတွေကို သြဂုတ် ၅ ရက်ကစပြီး တပ်မတော်က ပိတ်ထားတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကနေ သိရပါတယ်။

မန်တုံမြို့ထဲကို အရင်နေ့တွေက မြို့ထဲကို ဝင်တဲ့လမ်းကြောင်းသာပိတ်ပြီး ဒီနေ့မှာတော့ မန်တုံမြို့ထဲကို ဝင်တဲ့လမ်းကြောင်းရော၊ ထွက်တဲ့လမ်းကြောင်းကိုပါ ပိတ်ထားတဲ့အတွက် အခက်အခဲတွေဖြစ်နေရတယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးသိန်းဇော်က ပြောပါတယ်။

"အခြေအနေက ဒီနေ့တောင်မှ ပိုဆိုးတယ်လို့ ပြောနေတယ်။ အဝင်လည်းပိတ် အထွက်လည်းပိတ်နေ တယ်တဲ့၊ ပြီးတော့ စားဝတ်နေရေးအတွက် ဆန်ဆီဆားတွေ ဝယ်ဖို့အတွက် ဆင်းသွားမယ် ဆိုရင် ပြန်ထွက်လို့မရဘူးဖြစ်နေတယ်။ အဲ့ဒါတွေ လူထုတွေက အခက်တွေ့နေကြတာပေါ့နော်။ ရက်ရှည်ဒီလိုမျိုး ပိတ်ပင်ထားမယ်ဆိုရင် ကျနော်တို့အတွက် တော်တော်အခက်ခဲဖြစ်နေပါတယ် လို့ ပြောချင်ပါတယ်ခင်ဗျ။"

သြဂုတ်လ ၅ ရက်နေ့က မန်တုံမြို့အနီးမှာ တပ်မတော်ယာဉ်တန်းကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မန်တုံမြို့ကို အခုလို ပိတ်ဆို့ထားတာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ မန်တုံမြို့မှာ ဖြစ်နေတဲ့ခြေအနေတွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီးဆီကိုလည်း အကြောင်းကြားသွားမယ်လို့လည်း ဦးသိန်းဇော်က ပြောပါတယ်။

အဲဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး မန်တုံမြို့မှာ တာဝန်ယူနေတဲ့ တပ်မဟာ ၇၇ က တာဝန်ရှိသူ တစ်ယောက်ကို မေးမြန်းတဲ့အခါမှာတော့ အခုလို ဖြေကြားပါတယ်။

"အဝင်ထွက်တော့ မတင်းကြပ်ပါဘူး။ ကျနော်တို့ရွေးထုတ်ရခက်နေလို့၊ တမြို့ကို တစ်အိမ်ကို တစ်ယောက် သူပုန်စုတော့လေ။ ကျနော်တို့က ဒီမှာလုပ်ရခက်နေလို့ပါခင်ဗျ။ တစ်အိမ်တစ်ယောက် စစ်မှုထမ်းခိုင်းတယ်ဆိုပြီး အတင်းကြပ်ခေါ်တယ်ခင်ဗျ၊ အတင်းအကြပ်ခေါ်တော့ ကြောက်ရတော့ လိုက်လုပ်ရတာပေါ့ခင်ဗျာ။ အတင်းကြပ်လိုက်လုပ်ရတဲ့အခါကျတော့ အိမ်တိုင်းအိမ်တိုင်းက သူပုန်တွေ ဖြစ်နေတယ်ခင်ဗျ၊ ကျနော်တို့သွားလို့ရှိရင် ကျွန်တော်တို့ သတင်းကို တဘက်က သူပုန်တွေကို ပေးတယ်ခင်ဗျ။ ကျနော်တို့ စစ်ကြောင်းတွေသွားရင် သူတို့က သတင်းအမြဲကြိုရတယ်။ သူတို့က ပစ်တယ်။ မိုင်းဆွဲတယ်။ ရဲစခန်းတောင် အဲ့မှာ မနေရဲတော့ဘူး။ အကုန်လုံးက တပ်ရင်း စစ်တပ်နဲ့ ပေါင်းပြီးနေရတယ်ခင်ဗျ။"

မန်တုံမြို့ဒေသခံတွေက လက်ဖက်ခြံမှာ လက်ဖက်ခူးဖို့၊ မြို့အပြင်မှာ အလုပ်လုပ်ဖို့၊ ကျန်းမာရေးအတွက် ဆေးကုသ ဖို့ လိုအပ်နေတဲ့ ဒေသခံတွေဟာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

မြို့အဝင်အထွက်တွေကို ပိတ်ထားတဲ့အပြင် အိမ်တွေကိုလည်း တပ်မတော်က လိုက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org