မန်တုံနဲ့ သိန္နီမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားသုံးဦး သေဆုံး
မန်တုံနဲ့ သိန္နီမြို့နယ်မှာ ၂၀၂၄ ခုနှစ် ဇွန် ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ငါးရက်အတွင်းမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2024-06-19 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံနဲ့ သိန္နီမြို့နယ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ငါးရက်အတွင်းမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။
မန်တုံမြို့နယ် မန်တောက်ကျေးရွာအနီး စစ်ကောင်စီရဲ့ ခလရ (၁၃၀) စခန်းဟောင်းအနီးမှာ ဇွန်လ ၁၇ ရက်နေ့က ဟင်းသီးဟင်းရွက်သွားရှာတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ TNLA က ဇွန်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁၃ ရက်နေ့ကလည်း မန်တောက်ရွာမှာ ကျွဲကျောင်းနေတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ သေဆုံးခဲ့ရပါတယ်။
သိန္နီမြို့နယ် ပန်စုံရွာမှာတော့ ဇွန်လ ၁၅ ရက်နေ့က နေအိမ်ခြံရှင်းနေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ သိန္နီမြို့ခံအမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
“သူက ခြံရှင်းနေတုန်း ဖြစ်သွားတာဗျ။ အဲဘက်ရွာအခြမ်းက စစ်တပ်စခန်းဟောင်းတွေနဲ့ နီးတဲ့နေရာတွေ မိုင်းတွေ မရှင်းရသေးတာရှိတယ် အများကြီးပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ခြံတွေထဲမဝင်ကြဖို့တော့ မှာထားတယ်”
RFA က ပြုစုထားတဲ့စာရင်းတွေအရ ဇွန်လအတွင်းမှာ မြေမြှုပ်မိုင်းကြောင့် သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပြီး ဇန်နဝါရီလကနေ မေလအတွင်းမှာတော့ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး ၄၂ ဦး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရပါတယ်။
ထိခိုက်သေဆုံးမှုအများဆုံးမြို့တွေဟာ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးနဲ့ နမ့်ခမ်းမြို့ တွေ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းက နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ နမ့်ခမ်းနဲ့ ကျောက်မဲမြို့နယ်အတွင်းက မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ထားပါတယ်။
သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုံးကိုး၊ ကြူကုန် (ပန်ဆိုင်း) မြို့တွေကိုတော့ MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပြီး ဟိုပန်မြို့နယ်နဲ့ ပန်လုံမြို့ကိုတော့ UWSA "၀" တပ်ဖွဲ့ က သိမ်းပိုက်ထားပါတယ်။