ရန်ကုန်တိုင်းမှာ ရခိုင်နဲ့ကရင်ရေးရာ ဝန်ကြီးနေရာ မဲပေးခွင့်မရသူ အများအပြားရှိ

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း ရခိုင်နဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးသွားသူ အများအပြား ရှိနေပါတယ်။

ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် မဲပေးခွင့် ဆုံးရှုံးသွားတဲ့သူတစ်ဦးကို တွေ့ရစဉ် ဓာတ်ပုံ - အောင်သိင်္ခ/ RFA

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း ရခိုင်နဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ အတွက် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးသွားသူ အများအပြား ရှိနေပါတယ်။

ဒီလိုမဲပေးခွင့်ဆုံးရှုံးရတာ ကော်မရှင်မှာ တာဝန်ရှိသလို မဲပေးသူတွေမှာလည်း တာဝန်ရှိတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

ရန်ကုန်တိုင်းထဲက တိုင်းရင်းသား မဲဆန္ဒရှင် အများအပြားဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေအတွက်ပဲ မဲထည့်ခဲ့ရပြီး ရခိုင်နဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေ အတွက်တော့ မဲပေးရမယ့် မဲဆန္ဒရှင် စာရင်းထဲမှာ သူတို့ရဲ့ နာမည်တွေ မပါဝင်တာကြောင့် မဲမပေးခဲ့ရဘူးလို့ မဲဆန္ဒရှင်တွေက ပြောကြပါတယ်။

ဒေသအသီးသီးမှာ  အဲဒီလို မဲပေးခွင့် ဆုံးရှုံးသူအရေအတွက်ဟာ ဘယ်လောက် ရှိနိုင်တယ်ဆိုတာကို လေ့လာသူတွေက မခန့်မှန်းနိုင်သေးသလို ရွေးကောက်ပွဲကော်မရှင်ကလည်း သတင်းမထုတ်ပြန်နိုင်သေးပါဘူး။

လှိုင်မြို့နယ်မှာ မဲပေးခဲ့သူ ကရင်တိုင်းရင်းသား ကိုစောဆာဒိုမူးက ၂၀၁၅ မှာ တိုင်းရင်းသားရေးရာအတွက် ပေးခဲ့ရပေမယ့် အခု ၂၀၂၀ မှာ ပေးခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။

ငါးနှစ်မှ တစ်ကြိမ် ပေးခွင့်ရတဲ့ရွေးကောက်ပွဲမှာ တိုင်းရင်းသားကိုယ်စားပြုသူကို ရွေးချယ်ခွင့်မရတဲ့အတွက် နစ်နာခဲ့ရတယ်လို့ ကိုစောဆာဒိုမူးက ပြောပါတယ်။

"သုံးမဲ ပေးခဲ့တယ်။ တိုင်းရင်းသားလားမေးတယ် မှတ်ပုံတင်ကြည့်ပြီး ဘာတိုင်းရင်းသားလဲ ကရင်ဆိုတော့ ကရင်တိုင်းရင်းသား မဲပေးဖို့သွားတာ စာရင်းမပါဘူး ပေးလို့မရဘူးပြောတယ်။ ပြန်လာရတယ်။ ၂၀၁၅ မှာ စာရင်းကြည့်တယ် ဒီတိုင်းပဲ ပေးခွင့်ရတယ်။ အခု ၂၀၂၀ မှာလည်း မဲစာရင်းကြည့်တယ်။ တိုင်းရင်းသားမဲကို သပ်သပ်မကြည့်လိုက်ရဘူး။ ပေးခွင့်ရမယ်ထင်ထားခဲ့တာ။ အခုလိုပေးခွင့်မရဘူး။  ငါးနှစ်မှ တစ်ကြိမ် ကိုယ့်လူမျိုးကို ရွေးခွင့်မရှိဘူးဆိုတော့ ဘာမှလုပ်လို့မရဘူး။"

ရန်ကုန်တိုင်းမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ နှစ်သိန်း သုံးသောင်းကျော် ရှိပြီး မဲပေးခွင့်ဆုံးရှုံးသွားသူ ဘယ်လောက်ရှိနေတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီကနေ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါ်နော်အုန်းလှက မဲပေးခွင့် ဆုံးရှုံးသွားသူတွေ တော်တော်များများ ရှိနေတယ်၊ တချို့မဲရုံတွေကတော့  သက်ဆိုင်ရာ တိုင်းရင်းသားမဲတွေ ပြန်ပေးနိုင်ဖို့ ညနေပိုင်းမှာ စီစဉ်ခဲ့တယ်လို့  ပြောပါတယ်။

"မနေ့က မဲပေးခွင့်မရတဲ့ အုပ်စုထဲမှာ ရွှေပြည်သာအုပ်စု တစ်အုပ်စုက ညနေပိုင်းမှာ ပြန်ပေးရတယ်။ ဒလ၊ လှိုင်သာယာ၊ တာမွေ၊ ဒဂုံအရှေ့၊ နောက် တောင်ဒဂုံကတော့ မပေးလိုက်ရသူတွေရှိတယ်။ မှားယွင်းမှုတွေ အများကြီးဖြစ်တယ် တကယ်မဲပေးမယ့်သူတွေ နစ်နာတာပေါ့နော်။"

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့်မရခဲ့တဲ့ ရခိုင်တိုင်းရင်သားတွေလည်း ရှိခဲ့ပါတယ်။

တာမွေမြို့နယ်၊ ရွာမရပ်ကွက်၊ ဗျိုင်းရေအိုးစင်လမ်း မဲရုံအမှတ် (၃) မှာ ဆန္ဒမဲပေးခဲ့တဲ့ ရခိုင်တိုင်းရင်းသူ ဒေါ်ခင်အေးသန်းက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ မဲပေးခွင့်ဆုံးရှုံးခဲ့ရတာကြောင့် စိတ်ထိခိုက်ရတယ်လို့ ပြောပါတယ်။

"ကိုယ့်ရခိုင်မဲကို ထည့်ရမလား ထည့်ရမလားဆိုပြီး စောင့်နေတာ။ စိတ်မကောင်းစွာနဲ့ပဲ အိမ်ကို ပြန်လာခဲ့ရတယ်။ အန်တီ အရမ်းခံစားရတယ်။ တော်တော်လေးကို ခံစားရတယ်။ ရခိုင်တိုင်းရင်းသား ရခိုင်မှတ်ပုံတင်ကို ကိုင်ထားရဲ့သားနဲ့ ရခိုင်လူမျိုးတစ်ယောက်ရဲ့ အခွင့်အရေးဟာ ဆုံးရှုံးတယ်။ အဲဒါဘယ်သူ့မှာ တာဝန်ရှိတယ်။ ဘယ်သူက တာဝန်ယူမလဲဆိုတာတော့ မသိဘူး။ အန်တီတို့က နိုင်ငံရေးအကြောင်းလည်း သိတာမဟုတ်ဘူး။ ဒါပေမဲ့ ရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရခိုင်မှာ ကိုယ်ထည့်ချင်တာကို မထည့်ခဲ့ရလို့ ခံစားရတာ။"

ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း တစ်သိန်း တစ်သောင်းကျော် ရှိပြီး မဲပေးခွင့်ဆုံးရှုံးသွားသူ အများအပြားရှိနေတာပါ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၁၉ ခုနှစ်ထဲက မဲစာရင်းပြုစုခဲ့တာဖြစ်ပြီး ၂၀၂၀ ဇူလိုင် ၂၅ ရက်နေ့ကနေ သြဂုတ်လ ၁၄ ရက်နေ့အထိ ပထမအကြိမ် အောက်တိုဘာ ၁ ရက်နေ့က ၁၄ ရက်နေ့အထိ ဒုတိယ တစ်ကြိမ် မဲစာရင်းနှစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး မဲစာရင်း စစ်ဆေးတာတွေလုပ်ဖို့ ကြေညာခဲ့ပါတယ်။

ဒီလိုမဲပေးခွင့်ဆုံးရှုံးသွားသူတွေဟာ မဲစာရင်းစစ်ဆေးမှုမှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် စစ်ဆေးတာတွေ မလုပ်ခဲ့တာကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မိုးကြည်က ပြောပါတယ်။

"အဓိက မဲစာရင်းကပ်ချိန် ကိုယ့်နာမည်ပါ၊ မပါဆိုတာကြည့်ရမှာပေါ့။ မပါရင် မပါဘူး ပြော ဖြည့်ပေးမှာပေါ့။ မဲစာရင်းကပ်တုန်းကမကြည့်ဘဲ မဲပေးတဲ့နေ့မှ ကျမ နာမည်မပါဘူးပြောတော့ အဆင်မပြေဘူးပေါ့။"

တာမွေမြို့နယ်မှာ မဲပေးခဲ့တဲ့ ရခိုင်တိုင်းရင်းသား ဒေါ်ခင်ကျော့ကတော့ တိုင်းရင်းသားမဲကို သီးသန့် စစ်ဆေးဖို့ဆိုတာမျိုး စတင်ကြေညာချိန်ထဲက ပြောသင့်တယ်လို့ ထောက်ပြပါတယ်။

"မဲစာရင်းလာကြည့်လို့ပြောရင် ရခိုင်မဲစာရင်းကို သပ်သပ်ထုတ်ပေးတဲ့အတွက် ရခိုင်မဲစာရင်းကို ပါ၊ မပါ လာကြည့်ပါလို့ အစကတည်းက ပြောပေ့ါ။ အဲလိုမျိုး မပြောဘဲနဲ့ မဲစာရင်းပါတယ်ဆိုပြီးမှ မဲရုံကိုသွားထည့်ခါမှ မဲက သုံးမဲပဲ ထည့်ခဲ့ရပြီး ရခိုင်မဲကျ မထည့်ခဲ့ရတဲ့အတွက် အန်တီတို့ ရခိုင်မဲ မထည့်ခဲ့ရတဲ့အတွက် ဝမ်းနည်းမိတယ်။ ရခိုင်ဖြစ်ပြီး ရခိုင်မဲကို မပေးရဘူးဆိုတာက အဓိပ္ပါယ်မရှိဘူး။ လေးမဲ ထည့်ရမယ်ဆိုပြီး အန်တီက သွားထည့်တယ်။ တခြားမဲတွေကို ထည့်ပြီးသွားပြီ။ နောက်တစ်မဲကို မထည့်ရဘူး အန်တီ အရမ်းစိတ်ဆင်းရဲရတယ်။"

သန်းခေါင်စာရင်း၊ မှတ်ပုံတင်နံပါတ်နဲ့ မဲစာရင်းပြုစုတဲ့အတွက် တိုင်းရင်းသားရေးရာမဲကို ကျန်ခဲ့တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ရခိုင်အမျိုးသားပါတီကနေ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးဦးမြင့်ကျော်က ဝေဖန်ပါတယ်။

"ဒီကိစ္စက လုံးဝ မဖြစ်သင့်တဲ့ကိစ္စလေ။ လွှတ်တော် သုံးရပ်မှာ ပါပြီးတော့မှ ဒီတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းကိုပေးမယ့် မဲဆန္ဒရှင်စာရင်းမှာ ဘာလို့ကျန်စရာအကြောင်းရှိလဲ။ အဲမှာ အိမ်ထောင်စု စာရင်းရှိတယ်။ မှတ်ပုံတင်မှာလည်း ရခိုင် ဗုဒ္ဒဆိုတာမျိုးတွေ မြင်နေရတယ်။ ကွဲကွဲပြားပြား မြင်နေရရင် ဘာမှလာပြီးတော့ နှစ်ပတ်အတွင်းမှာ မပါရင်လာပြောပါ ပုံစံ ၄ တွေနဲ့တင်ပါ။ ပါအောင် လုပ်ပေးပါမယ်ဆိုတဲ့ အဆင့်ကိုရောက်စရာမလိုတဲ့အနေမျိုးကို နဂိုကတည်းက စာရင်းမှာပါအောင် လုပ်ပေးလို့ရတယ်။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဆန္ဒမဲပေးခွင့် ပါ၊ မပါ ကို သေချာစစ်သင့်တယ်ဆိုတာ အသိပညာပေးမှုအားနည်းခဲ့ပြီး နောက်ရွေးကောက်ပွဲတွေမှာ ဒီလိုမဖြစ်ဖို့ ကြေညာချက်တွေကို တိတိကျကျထုတ်ပြန်ဖို့လိုတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ ဖန်တီးအိမ်က စီမံကိန်းညှိနှိုင်းရေးမှုး ဦးမျိုးခိုင်ထူးက ထောက်ပြပါတယ်။

"အစောပိုင်း မဲစာရင်းတွေစစ်ကြတုန်းက တစ်ခုပဲစစ်ရင်ရပြီလို့ ကျနော်တို့လည်း ထင်တာပေါ့။ တိုင်းရင်းသား မဲကို စစ်ရမယ်ဆိုတဲ့ အင်ဖော်မေးရှင်းကပေးတာ နည်းခဲ့တယ်ဆိုတာ တွေ့ရတယ်။ ရွေးကောက်ပွဲ ပြီးခဲ့ပြီ ဆိုတော့ တိုင်းရင်းသားတွေမဲပေးဖို့ ပြန်လုပ်ပေးလို့မရတော့ဘူး။ နောက်ပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်က ဒီလိုမျိုးတွေမဖြစ်အောင်လုပ်ဖို့တော့ လိုမယ်လို့ ထင်ပါတယ်။"

ဒီလိုမဲပေးခွင့်ဆုံးရှုံးရတာ ကော်မရှင်ဖက်မှာရော မဲဆန္ဒရှင်ပြည်သူတွေဘက်မှာရော အားနည်းချက်တွေ ရှိခဲ့တာကြောင့်လို့  ပြင်ပအဖွဲ့အစည်းအနေနဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေတဲ့ ညီမျှခြင်းမြန်မာက ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းကထောက်ပြပါတယ်။

"တိုင်းရင်းသားဖြစ်တဲ့အတွက် တိုင်းရင်းသားကိုယ်စားလှယ်တွေကို မဲပေးခွင့်ရှိတယ်။ ဒီဟာကို စနစ်တကျ မှတ်တမ်းယူဖို့ လိုအပ်တယ်။ တစ်ဘက်မှာ ပေးခွင့်ရှိတဲ့သူတွေကလည်း မဲပေးခွင့်ရပြီဆိုတဲ့ အချက် တစ်ခုတည်းတင်မကဘဲနဲ့ ကိုယ်သက်ဆိုင်တဲ့ တိုင်းရင်းသားလူမျိုး ကိုယ်စားပြုတဲ့ ဝန်ကြီးကို ပေးလို့ရလား ဆိုတာကို ပြန်ကြည့်ဖို့အတွက် အဲနှစ်ခုမှာ ဟသွားပါတယ်။ ဒီလိုဟသွားတဲ့အချိန်မှာ တချို့က ပြန်ပြီးတော့ ဒါကိုပေးနိုင်ဖို့အတွက် မှတ်ပုံတင်ပြရမယ် ဆိုတာမျိုးတွေကလည်း နောက်ပိုင်းမှ ပေါ်ပေါက်လာပြီးတော့ ဖြေရှင်းလိုက်ရတဲ့ ကိစ္စမျိုးဖြစ်တယ်။ ဒီလိုသေချာရေရာမှုနဲ့ တိကျမှု မရှိတဲ့အတွက်ကြောင့် နစ်နာသွားတာ ကတော့ မဲပေးခွင့်ရှိရဲ့သားနဲ့ ပေးလို့မရတဲ့ တိုင်းရင်းသားမဲတွေပဲ ဖြစ်ပါလိမ့်မယ်။"

တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ရန်ကုန်မှာ မဲပေးခွင့်ဆုံးရှုံးခဲ့ရသူ အရေအတွက်ကို သိနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို RFA က မေးမြန်းခဲ့ပေမယ့် တိတိကျကျ ပြောဆိုနိုင်တာမရှိပါဘူး။

ရန်ကုန်တိုင်းအတွင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ ခုနစ်ခုက ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားတာဖြစ်ပါတယ်။ အခုလက်ရှိ မဲရေတွက်မှုအရ NLD  ပါတီက ဒေါ်နော်လှလှစိုးနဲ့ UNDP ပါတီက ဒေါ်နော်အုန်းလှတို့ ပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ် ခြောက်ဦးက အမည်စာရင်း ပေးထားပါတယ်။ အဲဒီအထဲမှာ တစ်ဝက်က တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေ ဖြစ်ပါတယ်။ လက်ရှိ မဲရေတွက်မှုတွေအရ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်ထုမေနဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်လောင်း ဦးဦးမြင့်ကျော်တို့ မဲအများဆုံးရရှိထားပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေပါတယ်။

ရန်ကုန်တိုင်းအတွင်း ဆန္ဒမဲပေးခွင့်ရှိသူ ငါးသန်းကျော်ရှိပြီး တိုင်းရင်းသားရေးရာကိုယ်စားလှယ် မဲစာရင်း ရေတွက်မှုတွေကတော့ မပြီးသေးတဲ့အတွက် ဘယ်ပါတီကဘယ်သူတွေ အနိုင်ရရှိလဲဆိုတာကို ဒီနေ့ညနေ ၅ နာရီခွဲအထိ ရွေးကောက်ပွဲကော်မရှင်က တိတိကျကျ ထုတ်ပြန်တာ မသိရသေးပါဘူး။

တိုင်းရင်းသားရေးရာ ဝန်ကြီးလောင်းတွေဟာ ရန်ကုန်တိုင်း တစ်တိုင်းလုံးက မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးခဲ့ကြတာပါ။

မြို့နယ်အသီးသီးက မဲရလဒ်တွေကို စုစည်းတွက်ချက်ဖို့ အချိန်ယူရမှာဖြစ်လို့ ရွေးကောက်ပွဲ ပြီးပြီးချင်းမှာ အဆုံးသတ်ရလဒ် ထုတ်ပြန်နိုင်ဦးမှာ မဟုတ်ပါဘူး။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတစ်ခုမှာ တိုင်းရင်းသားလူမျိုးစုတခုရဲ့ လူဦးရေက နိုင်ငံလူဦးရေရဲ့ ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိရင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ တောင်းဆိုပိုင်ခွင့်ရှိတယ်လို့ ဥပဒေက ပြဌာန်းထားပါတယ်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူးတွေထဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာမျိုးကိုပဲ လူထုက တိုက်ရိုက် ရွေးကောက်နိုင်တာ ဖြစ်ပါတယ်။

------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org