အာဇာနည်နေ့ အခမ်းအနားတွေ ပိတ်ပင်ခံနေရ

မြန်မာနိုင်ငံတဝှမ်းမှာ ဇူလိုင်လ ၁၉ ရက်နေ့ ကျင်းပမယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်အလေးပြု လွမ်းသူ့ပန်းခွေချမယ့် အစီအစဉ်တွေကို အာဏာပိုင်တွေက တားဆီး ပိတ်ပင်နေတယ်လို့ သတင်းရရှိပါတယ်။

2012.07.17
martyrs-day-nld-2011-b305 ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က အာဇာနည် ဗိမာန်ကို ပန်းခွေချ အလေးပြုရန် ချီတက် သွားနေကြသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များကို တွေ့ရစဉ်။ အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်ကို အသင်းအဖွဲ့နှင့် လူအများ သွားရောက်ခြင်းကို အာဏာပိုင်များက လုံခြုံရေးကို အကြောင်းပြပြီး တားမြစ်ထားသည်။
AFP

မွန်ပြည်နယ် အတွင်းက မြို့နယ် လေးမြို့နယ်မှာ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ရဖို့ တင်ပြတောင်းဆိုခဲ့ရာ သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ မော်လမြိုင်မြို့နယ်က NLD ပါတီဝင် တစ်ဦးဖြစ်တဲ့ ဦးကိုကိုဇော် က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

"အာဇာနည်နေ့ အခမ်းအနား ကျင်းပမဲ့ နေရာက စည်ပင်သာယာပိုင် မြေဖြစ်နေတယ် ဆိုပြီးတော့ အဲဒါကို အကြောင်းပြချက် ပြပြီးတော့ ကျွန်တော်တို့ကို ကျင်းပခွင့် မပြုဘူးပေါ့။ အာဇာနည် ဗိမာန်ဆိုတာ ရန်ကုန်မှာပဲ ရှိတယ်တဲ့။ ရေးမှာ အာဇာနည်ဗိမာန် မရှိတဲ့အတွက် ကျင်းပခွင့် မပြုနိုင်ဘူး ဆိုပြီးတော့ အဲလိုပြောတာ။ မော်လမြိုင်မှာ ဆိုလို့ရှိရင် ဒီ သံလွင်ဥယျာဉ်ထဲမှာရှိတဲ့ ဗိုလ်ချုပ် ရုပ်ထုနေရာက အရင်ကတော့ အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့တယ်ပေါ့နော်။ ဟိုအရင် အစိုးရတွေ လက်ထက်တုန်းက။ အခု ဒီနှစ်ကျတော့ ကျွန်တော်တို့က သွားလျှောက်တဲ့ အခါကြတော့ အဲဒါက အများပြည်သူ အပန်းဖြေရာ ဥယျာဉ်ဖြစ်တဲ့အတွက်၊ ပန်းခြံဖြစ်တဲ့အတွက် ခွင့်မပြုနိုင်ပါဘူး ဆိုပြီး အဲလိုအကြောင်းပြတယ်။ ပုံစံအတူတူပဲဗျ။ လေးမြို့နယ်လုံးက"

ရေးမြို့နယ်မှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့် မပေးတဲ့အမိန့်စာကိုတော့ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေပြီး ဇူလိုင်လ ၁၄ ရက် နေ့စွဲနဲ့ ပေးပို့ခဲ့တာဖြစ်ပြီး မော်လမြိုင်မြို့မှာတော့ ပြီးခဲ့တဲ့ ၃ ရက်ခန့်ကမှ မြို့နယ်အုပ်ချူပ်ရေးမှူးက အကြောင်းပြန်လာတာလို့ ပြောဆိုပါတယ်။ တဆက်တည်းမှာပဲ ချောင်းဆုံမြို့နယ်နဲ့ သံဖြူဇရပ် မြို့နယ်တွေမှာလည်း အလားတူ ပိတ်ပင်မှုတွေရှိကြောင်း ပါတီဝင်တွေက တင်ပြခဲ့ကြတယ်လို့ ဦးကိုကိုဇော်က ပြောပါတယ်။

အလားတူ ပြည်၊ ဒလ၊ တောင်ကြီး၊ ပင်လုံ၊ ပျဉ်းမနား၊ အောင်ပန်း စတဲ့မြို့တွေမှာလည်း အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်ကြတာကို သက်ဆိုင်ရာတွေက ပိတ်ပင်နေတဲ့အတွက် အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ဝေဖန်ပြောဆို လိုက်ပါတယ်။

"အောင်ပန်း နောက်ပြီးတော့အခု ဒလ နောက် ပြည်၊ အများပြည်သူက အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုဖို့၊ ပန်းခွေချဖို့ သူတို့မှာ မြို့မှာရှိတဲ့ အထွတ်အမြတ်တွေရှိတယ်။ အဲဒီမှာ ကျောက်တိုင်၊ ကျောက်တိုင်ဆိုရင် ဒါလွတ်လပ်ရေး ကျောက်တိုင်၊ လွတ်လပ်ရေး ကျောက်တိုင်က ဘယ်သူကို ကိုယ်စားပြုသလဲဆိုရင် ဒါ ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်စားပြုတယ်၊ အာဇာနည် ခေါင်းဆောင်တွေကို ကိုယ်စားပြုတယ်။ ပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်၊ ဗိုလ်ချုပ်ကြေးရုပ် ဆိုတာကလည်း အာဇာနည်ခေါင်းဆောင်ကြီးပဲ။ ဒီလိုပဲ Monument တွေရှိတယ်။ အဲဒီမှာ သူတို့က ပန်းခွေချမယ်၊ အလေးပြုမယ် ဆိုတဲ့ကိစ္စတွေကို တားဆီးပိတ်ပင်နေတယ်"

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေနဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ အာဇာနည်ဗိမာန်ကို သွားရောက် ပန်းခွေချ ကြမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။