စာသင်ကျောင်းအားလုံး အာဇာနည်ခေါင်းဆောင်တွေကို ချီတက်အလေးပြုဖို့ ရှမ်းပြည် အစိုးရ ညွှန်ကြား

ရှမ်းပြည်နယ်က စာသင်ကျောင်းတွေ အားလုံး မနက်ဖြန် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်း အနားမှာ ချီတက်အလေးပြုကြဖို့ ပြည်နယ်အစိုးရအဖွဲ့က ညွန်ကြားစာထုတ်ပြန်ထားပါတယ်။

တောင်ကြီးမြို့က ဗိုလ်ချုပ်ကြေးရုပ်တုကို တွေ့ရစဉ် Photo: Thin Thin Aung Facebook

ရှမ်းပြည်နယ်က စာသင်ကျောင်းတွေအားလုံး မနက်ဖြန် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနားမှာ ချီတက် အလေးပြုကြဖို့ ပြည်နယ်အစိုးရအဖွဲ့က ညွန်ကြားစာထုတ်ပြန်ထားပါတယ်။

အရင်နှစ်တွေက အာဇာနည်နေ့မှာ ကျောင်းတွေမှာ အလေးမပြုရဲဖြစ်ခဲ့တာကြောင့် အလေးပြုဖို့ စာထုတ်ပြန် တာလို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြော ပါတယ်။

"ခါတိုင်းနှစ်တွေတုန်းက အစိုးရညွန်ကြားချက်မထွက်ဘူးဆိုပြီး ကျောင်းက ဆရာ၊ဆရာမကြီးတွေက အလေးပြုဖို့ကို မလုပ်ရဲမကိုင်ရဲတာတွေရှိတယ်။ အဲ့ဒါကို ဒီတစ်နှစ်တော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စာထွက်ပြီး ကျောင်းပေါင်းစုံ အစိုးရကျောင်းတွေရော ပုဂ္ဂလိကကျောင်းတွေရော သက်ဆိုင်ရာမြို့နယ် အသီးသီးမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တို့ ကျောက်တိုင်တို့မှာ အလေးပြုဖို့ စာထွက်ထားတာရှိပါတယ် ဒါက ထူးခြားချက်ပေါ့"

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းတိုင်းမှာ နံရံကပ် စာစောင်တွေ၊ ပန်းချီပိုစတာတွေနဲ့ စာစီစာကုံး ပြိုင်ပွဲတွေ ကျင်းပဖို့ကိုလည်း ညွန်ကြားထားတယ်လို့ သိရပါတယ်။

အာဇာနည်နေ့မှာ ပြည်နယ်ဝန်ကြီးနဲ့ အစိုးရအဖွဲ့ဝင်တွေက တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်မှာ သွားရောက်အလေးပြုမှာဖြစ်ပြီး မြို့လယ်ဓမ္မာရုံမှာ နေ့ဆွမ်းဆပ်ကပ်လှူဒန်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

မန္တလေးမြို့မှာတော့ အာဇာနည်နေ့အခမ်းအနားကို မန္တလာသီရိ အဆင့်မြင့်အားကစားကွင်းမှာသာ စုပေါင်းကျင်းပ မှာဖြစ်ပြီး ကျန်တဲ့နေရာတွေမှာ သီးခြားကျင်းပတာမလုပ်ဖို့ တိုင်းဒေသကြီးအစိုးရက ညွန်ကြားချက် ထုတ်ပြန်ထား ပါတယ်။

မန္တလေးတိုင်းအတွင်းက စာသင်ကျောင်းတွေမှာလည်း အာဇာနည်နေ့ အခမ်းအနားတွေကျင်းပပြီး အလေးပြုကြဖို့ ညွန်ကြားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org