အလုပ်သမား ၈၀၀ နီးပါး ကိုရီးယားအလုပ်ရှင်ကို တရားစွဲဖို့ ပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၃ က Master Sports ဖိနပ်စက်ရုံဟာ အလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ စက်ရုံကိုပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၈၀၀ နီးပါးဟာ အလုပ်ရှင်ကို တရားစွဲ ဖို့ ပြင်ဆင်နေကြပါတယ်။

လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sport ဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားတွေကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၃ က Master Sports ဖိနပ်စက်ရုံဟာ အလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ စက်ရုံကိုပိတ်လိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၈၀၀ နီးပါးဟာ အလုပ်ရှင်ကို တရားစွဲဖို့ ပြင်ဆင်နေကြပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူစာချုပ်အတိုင်း အလုပ်သမားတွေကို လုပ်ခလစာနဲ့ နစ်နာကြေး မပေးတဲ့အတွက် လှိုင်သာယာမြို့နယ် တရားရုံးကနေ တရားစွဲဖို့စီစဉ်နေတာဖြစ်ကြောင်း အလုပ်သမား တစ်ဦးဖြစ်တဲ့ ကိုအောင်သူက ပြောပါတယ်။

"လှိုင်သာယာတရားရုံးမှာပဲ စွဲမှာ၊ လက်ရှိလုပ်ထားတာ က ဒီဖြစ်စဉ်ကို စာရေးပြီးတော့ပဲ တင်ထားတာပေ့ါ၊ ဒီစက်ရုံကို တရားစွဲမယ်ဆိုတာ ကျနော်တို့ရဲ့ ပထမဦးဆုံး တရားဝင်ရမယ့် ၆ လပိုင်းလစာရယ်၊ ကျနော်တို့ စက်ရုံပိတ်မယ့် တရားဝင်နစ်နာကြေးပေါ့၊ အဲဒီနစ်နာကြေးရယ်ကို အဓိကထားပြီး တရားစွဲမှာပါ၊ အလုပ်သမားတွေအားလုံးပဲ တရားလိုပြုလုပ်ပြီးစွဲမှာပါ"

Master Sports ဖိနပ်စက်ရုံ အလုပ်ရှင်ဟာ ကိုရီးယားနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ အလုပ်သမားတွေကယူဆတဲ့အတွက် ကိုရီးယားသံရုံးကတဆင့် အလုပ်ရှင်ကို ခေါ်ယူဖြေရှင်းပေးဖို့ အကြောင်းကြားထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေဟာ လုပ်ခလစာနဲ့ နစ်နာကြေးပေးဖို့ လှိုင်သာယာမြို့နယ်ကနေ ဆူးလေ မြို့တော်ခန်းမရှေ့၊ ကိုရီးယားသံရုံးနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Master Sports စက်ရုံဟာ စတင်လည်ပတ်တာ တစ်နှစ်ခွဲလောက်ရှိပြီဖြစ်ပြီး အလုပ်သမားတစ်ဦးကို တစ်လ လစာပျမ်းမျှကျပ် ၇သောင်းကျော်ကနေ တစ်သိန်းကျော်အထိ ရကြတယ်လို့ သိရပါတယ်။ စက်ရုံပိတ်လိုက်တဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့ကစပြီး အလုပ်သမား ၈၀၀ နီးပါးဟာ လျော်ကြေးရဖို့  စက်ရုံရှေ့မှာ စောင့်ဆိုင်းနေကြတာဖြစ် ပါတယ်။

ဒီအတောအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ ဟန်ကီးမြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၅၀ လောက်ဟာ တစ်လ လစာ ကျပ် ၆ ထောင် တိုးပေးဖို့အတွက် မနေ့ကစပြီး စက်ရုံရှေ့မှာ ဆန္ဒပြနေကြပါတယ်။

ဒီနေ့ စက်ရုံမန်နေဂျာနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ လုပ်ခလစာကိစ္စ ညှိနှိုင်းတာ ပြေလည်မှုမရခဲ့ကြောင်း ဆန္ဒပြအလုပ်သမ မရွှေရွှေခိုင်က ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေဟာ ရှားပါးစရိတ်အဖြစ် တစ်လကျပ် နှစ်သောင်းတိုးပေးဖို့၊ စက်ရုံတွင်းမှာ သန့်ရှင်းရေးအလုပ်သမားထားပေးဖို့နဲ့ သောက်ရေသန့်ထားပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အဲ့ဒီ ဟန်ကီးမြန်မာအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၂၀၀ နီးပါးရှိပြီး အလုပ်သမား ၅၀ လောက်က လစာတိုးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org