အလုပ်သမား ၈၀၀ ကျော် ကိုရီးယားသံရုံးရှေ့ ချီတက်ဆန္ဒပြ

လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sports ဖိနပ်စက်ရုံက မန်နေဂျာကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနဲ့ လူမှုဖူလုံရေး ဦးစီးဌာနတို့က လှိုင်သာယာ မြို့နယ်တရားရုံးမှာ ဒီကနေ့ တရားစွဲဆိုလိုက်ပါတယ်။

လုပ်ခလစာနဲ့ နစ်နာကြေးပေးဖို့အတွက် Master Sports ဖိနပ်စက်ရုံ အလုပ်သမား ၈၀၀ ကျော်ဟာ ဇူလိုင်လ ၁၇ ရက်နေ့က လှိုင်သာယာ စက်မှုဇုန်ကနေ ကိုရီးယားသံရုံးရှေ့ အထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုစဉ် Photo: Sann Maw Aung/RFA

လှိုင်သာယာစက်မှုဇုန် ၃ မှာရှိတဲ့ Master Sports ဖိနပ်စက်ရုံက မန်နေဂျာကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနဲ့ လူမှုဖူလုံရေးဦးစီးဌာနတို့က လှိုင်သာယာ မြို့နယ် တရားရုံးမှာ ဒီကနေ့ တရားစွဲဆိုလိုက်ပါတယ်။

Master Sports ဖိနပ်စက်ရုံကို ပိတ်သိမ်းလိုက်ပြီး အလုပ်သမားတွေကို လုပ်ခလစာနဲ့ နစ်နာကြေး တစ်စုံတစ်ရာမပေးတာကြောင့် တရားစွဲဆိုလိုက် တာဖြစ်ကြောင်း အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

"အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနကနေပြီးတော့ ၂ဝ၁၂ ခုနှစ် အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ သူ့ကို လှိုင်သာယာမြို့နယ် တရားရုံးမှာ တရားစွဲဖို့တင် လိုက်ပြီ၊ အလားတူပဲ လူမှုဖူလုံရေးဦးစီးဌာနကလည်း ထည့်ဝင်ကြေးပေးရန် ပျက်ကွက်မှုနဲ့ သူ့ကိုတရားစွဲ တာပေါ့၊ အမှု ၄ မှုပေါ့ ၂၅ ရက်နေ့မှာ ရုံးချိန်းရတာပေါ့၊ အလုပ်သမားတွေကလည်း ပြစ်မှုကြောင်းအရ တရားစွဲလို့ရတယ်လေ၊ ကလေးတွေရဲ့ လုပ်ခလစာရရှိအောင် ကောင်းကောင်းမွန်မွန် ကြိုးစားဆောင်ရွက်ပေး တာပါ"

ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ နစ်နာကြေးတောင်းဆိုနေတဲ့ အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး အလုပ်ရှင်ကို တရားစွဲတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

Master Sports ဖိနပ်စက်ရုံဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က အလုပ်သမားတွေကို နစ်နာကြေးမပေးဘဲ စက်ရုံပိတ်လိုက်တဲ့အတွက် အလုပ်သမား ၈၀၀ ကျော်လောက်က တစ်လစာလုပ်ခနဲ့ နစ်နာကြေးပေးဖို့ ဒီနေ့ လှိုင်သာယာစက်မှုဇုန်ကနေ ဗဟန်းမြို့နယ်မှာရှိတဲ့ ကိုရီးယားသံရုံးရှေ့အထိ လမ်းလျှောက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

လက်ရှိမှာ အလုပ်သမားတွေဟာ ကိုရီးယားလူမျိုး အလုပ်ရှင်လာရောက်ဖြေရှင်းပေးဖို့အတွက် သမ္မတရုံးနဲ့ ကိုရီးယားသံရုံးကို အကြောင်းကြားစာပေးပို့ထားပြီး လှိုင်သာယာမြို့နယ်တရားရုံးမှာ အလုပ်ရှင်ကို တရားစွဲဆိုဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေပါတယ်။

ဒီဆန္ဒပွဲအကြောင်း RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org