စနစ်သစ်ရဲ့ ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ဒီနေ့စတင်

စစ်ကောင်စီလက်ထက်မှာ စတင်ပြောင်းလဲတဲ့ ပညာရေးစနစ်သစ်ရဲ့ ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်တန်း (Grade – 12) စာမေးပွဲတွေကို ဒီနေ့ကစပြီး တစ်နိုင်ငံလုံးမှာ စတင်ကျင်းပနေပါတယ်။

ရန်ကုန်မြို့ လသာ (၁) တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသားများအား ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က တွေ့ရစဥ်။

စစ်ကောင်စီလက်ထက်မှာ စတင်ပြောင်းလဲတဲ့ ပညာရေးစနစ်သစ်ရဲ့ ပထမဆုံးအကြိမ် တက္ကသိုလ်ဝင်တန်း (Grade – 12) စာမေးပွဲတွေကို မတ်လ ၁၁ ရက် ဒီနေ့ကစပြီး တစ်နိုင်ငံလုံးမှာ စတင်ကျင်းပနေပါတယ်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှာနေထိုင်တဲ့ ကျောင်းသားမိဘတစ်ဦးကတော့ (Grade – 12) စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူအရေအတွက် အရင်နှစ်တွေထက်နည်းတယ်လို့ RFA ကို ပြောပါတယ်။

“ကျောင်းအရှေ့မှာ လုံခြုံရေးတွေရှိတယ်။ လာပြီးဖြေဆိုတဲ့ ကျောင်းသားတွေကတော့ အရင်ကထက် နည်းတာတွေ့ရပါတယ်”

ရန်ကုန်တိုင်းထဲမှာ ဒီနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေမယ့်ကျောင်းသားဦးရေ ၁၈,၉၅၁ ဦးနဲ့ စာစစ်ဌာန ၇၃ ခုရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာတွေကနေတစ်ဆင့် မတ်လ ၁၀ ရက်နေ့မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အခုဖြေဆိုမယ့် တက္ကသိုလ်ဝင်စာမေးပွဲဟာ စနစ်သစ်နဲ့ ပုံစံပြောင်းထားပြီး သစ်ရိုးသစ်၊ မေးခွန်းပုံစံအသစ်တွေနဲ့ ဖြေဆိုရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လုံခြုံရေးအရ အမည်ဖော်လိုတဲ့ အထက်တန်းပြဆရာတစ်ဦးကတော့ နိုင်ငံရေးအခြေအနေတွေကြောင့် (Grade – 12) တက်ရောက်တဲ့ ကျောင်းသားတွေ နည်းသွားတာကြောင့် နိုင်ငံတစ်ဝန်းဖြေဆိုမယ့် ကျောင်းသားတွေလည်း နည်းသွားတယ်လို့ RFA ကိုပြောပါတယ်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲကိုတော့ ရန်ကုန်တိုင်းမှာ ၂၃,၈၀၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၅,၂၈၅ ဦး အောင်မြင်ခဲ့ပါတယ်။

ဒီနေ့စတင်ကျင်းပတဲ့ စနစ်သစ်ရဲ့ ပထမဆုံး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်ဒီနေ့ကနေ မတ်လ ၁၉ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org