မောင်တောမှာ ARSA အဖွဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ငါးဦးသေဆုံး

အရပ်သားတွေကို အကြမ်းဖက်မှု ကျူးလွန်နေတဲ့ သူတွေကို အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး ထိုက်သင့်သလို တုံ့ပြန်သွားမယ်လို့ AA က ဆိုပါတယ်။

၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က မောင်တောမြို့နယ်အတွင်း အရပ်သားများလိုက်ပါလာသည့် ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရအပြီး မြင်တွေ့ရသည့် မြင်ကွင်း။ Citizen Photo

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဇူလိုင်လ ၃၁ရက်နေ့ညနေက အရပ်သားကားတစ်စီးကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်လို့ နာမည်ပေးထားတဲ့ (ARSA) အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ငါးဦး သေဆုံးပြီး နှစ်ဦးအပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေက ဘူးသီးတောင်မြို့က ဒေသခံတွေဖြစ်ပြီး ကြိမ်ချောင်းရွာကို ကုန်ပစ္စည်းတွေသွားဝယ်ရာမှာ ရွှေတောင်ရွာကြားနဲ့ ကျီးကန်းပြင်ရွာကြား ကားလမ်းမပေါ်မှာ အပစ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

“မနေ့က အပစ်ခံရတာပါ။ အာဆာအဖွဲ့က ကားအလာကို စောင့်ပြီးပစ်တာ။ လူခုနစ်ယောက်ပါသွားတာ။ ငါးယောက်က ပွဲချင်းပြီး သေသွားတယ်။ နှစ်ယောက်လည်း ဒဏ်ရာအပြင်းအထန်ရတယ်။ သေသွားတဲ့အထဲမှာ ကျောင်းဆရာမ တစ်ယောက်ပါသွားတယ်။ ကျန်တာက အမျိုးသားတွေပဲ။ အကုန်လုံးက သေနတ်ဒဏ်ရာရကြတာပါ”

သေဆုံးသူတွေက ဘူးသီးတောင်မြို့ အမှတ်(၄) ရပ်ကွက်က ကျောင်းဆရာမ ဒေါ်စိန်လှ၊ ဦးဇော်ဇော်မင်း၊ ဦးအောင်မြစံ၊ ဦးအောင်မျိုးစံနဲ့ ဦးကျော်မင်းတို့ဖြစ်ပြီး ဦးမောင်မောင်ချေနဲ့ ဦးမျိုးသန်း တို့ကတော့ ဒဏ်ရာအပြင်းအထန် ရခဲ့တာပါ။ ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်(AA)က ဆေးကုပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ်မှာ မကြာခဏဆိုသလို ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ်ဘာသာဝင် မဟုတ်သူတွေကို အာဆာအဖွဲ့က ဖမ်းဆီးတာ၊ သတ်ဖြတ်တာနဲ့ လုယက်တာတွေ လုပ်နေတာကြောင့် သူတို့လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇူလိုင် ၁၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်က စစ်ဘေးဒုက္ခသည် ခမီလူမျိုး ခုနစ်ဦး တောထဲ ဟင်းရှာသွားချိန်မှာ မွတ်စလင်လက်နက်ကိုင်တွေက ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

အရပ်သားပြည်သူတွေကို အကြမ်းဖက်မှု ကျူးလွန်နေတဲ့ သူတွေကို အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး ထိုက်သင့်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း AA က ဆိုပါတယ်။

အခုလို ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အာဆာအဖွဲ့ကို RFA က ဆက်သွယ်ဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့ မရပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org