မောင်တောပြဿနာ စိုးရိမ်ကြောင်း ကန်ပြောကြား
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီးတွေကို အစိုးရစစ်သားတွေက အဓမ္မပြုကျင့် ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စုံစမ်းအရေးယူ ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အသိပေးပြောကြား ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့ မနေ့က ထုတ်ဖေါ်ကြေညာပါတယ်။
-
2016-10-29 -
-
-
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ရိုဟင်ဂျာ မွတ်စလင် အမျိုးသမီးတွေကို အစိုးရစစ်သားတွေက အဓမ္မပြုကျင့်ခဲ့ တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အသိပေးပြောကြားခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့ မနေ့က ထုတ်ဖေါ်ကြေညာပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေကို မြန်မာအစိုးရအနေနဲ့ သေသေချာချာ မြန်မြန်ဆန်ဆန် စုံစမ်းအရေးယူဖို့ လန်ဒန်အခြေစိုက် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း အောက်တိုဘာ ၂၈ ရက်နေ့ မနေ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။
အဲဒီဒေသမှာ အဓမ္မပြုကျင့်မှုတွေ ဥပဒေမဲ့ ဖမ်းဆီးမှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းအမြောက်အများ မိမိတို့ ရရှိနေကြောင်းနဲ့ အစိုးရက သွားလာခွင့်ပိတ်ထားတဲ့အတွက် ပကတိအခြေအနေတွေကို သိဖို့ခက်ခဲနေကြောင်း လည်း AI အဖွဲ့ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွန်ကြားရေးမှူး ရာဖင်ဒီ Rafendi က ပြောပါတယ်။
အစိုးရအာဏာပိုင်တွေ ပြောနေသလို မြန်မာတပ်ဖွဲ့တွေအနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မကျူးလွန်ဘူးဆိုရင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းမယ့် သူတွေကို ဘာကြောင့် အဲဒီဒေသ သွားခွင့်မပေးဘဲ ပိတ်ပင်ထားတာလဲလို့ လည်း AI အကြီးအကဲ က မေးခွန်းထုတ်လိုက်ပါတယ်။