မောင်တောအကြမ်းဖက် မှု နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖဲ့ွမည်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံ ရမှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် နိုင် ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမှာဖြစ် တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြ ထားပါတယ်။
-
2016-11-19 -
-
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်ပေါ်ပေါက်ဖို့အတွက် နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
နေပြည်တော် သမ္မတအိမ်တော်မှာ မနေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအဖွဲ့မှာ ဘယ်သူတွေ ပါဝင်မယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
အဲဒီအဖွဲ့ဟာ အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းဖို့အပြင် ရရှိလာမယ့် တွေ့ရှိချက်တွေအပေါ် အခြေခံပြီး နောင်မှာ အလားတူ ဖြစ်ရပ်မျိုးထပ်မဖြစ်စေဖို့ ဆောင်ရွက်သင့်တာတွေ၊ လေ့လာသုံးသပ် တင်ပြတာတွေကို လုပ်ဆောင် သွားမှာလည်း ဖြစ်ပါတယ်။
မနေ့ကအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရခိုင်ပြည်နယ်မှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာဟာ မှားယွင်းကြောင်းနဲ့ ရခိုင်ပြည်နယ် သာမက တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့မရှိကြောင်းနဲ့ မြန်မာနိုင်ငံ တဝှမ်းမှာ ရဲတပ်ဖွဲ့ဝင်အင်အားတွေ ဖြည့်တင်းဖို့သာရှိတယ်လို့ တင်ပြခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို ရဲသင်တန်းပေးပြီး ဒေသန္တရ ရဲတပ်ဖွဲ့ဖွဲ့ပေးဖို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပြည်နယ်အစိုးရ ပူးပေါင်းစီစဉ်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက သတင်းမီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးမင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ဒေသန္တရဲတပ်ဖွဲ့ ဖွဲ့စည်းဖို့ မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်ကို သူ့အနေနဲ့ မသိရှိသေးကြောင်းနဲ့ မနေ့ကအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို အသေးစိတ်မေးမြန်းပြီးမှ ပြန်လည်ထုတ်ပြန်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်မယ်ဆိုတဲ့ ရခိုင်ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ပြောဆို ချက်အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်ပြောဆိုမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ရေး ကော်မတီကိုတော့ နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေး အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး ၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ စတဲ့ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ဖွဲ့စည်းထားပါတယ်။