မောင်တောမြို့နယ် နောက်ဆုံး အခြေအနေ အစိုးရ ထုတ်ပြန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် က ကျေးရွာတွေမှာ အကြမ်းဖက်သမားလို့ ယူဆရသူ ၅၉ ဦးကို မနေ့က ထပ်မံဖမ်း ဆီးရမိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ဒီကနေ့ သတင်းထုတ်ပြန် ပါတယ်။
-
2016-11-17 -
-
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်သမားလို့ ယူဆရသူ ၅၉ ဦးကို မနေ့က ထပ်မံဖမ်းဆီးရမိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
သူတို့တွေဟာ ကျားခေါင်းတောင်ရွာ၊ ဂွဆုံရွာ၊ ဒါးကြီးဇားရွာတွေကဖြစ်ကြပြီး လက်ရှိမှာ အမှတ် (၃) နဲ့ (၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှာ ခေတ္တထိန်းသိမ်းထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေး က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မောင်တောဒေသမှာ အောက်တိုဘာလ ၉ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်သမား ၂၄၅ ဦးကို ဖမ်းဆီးရမိထားတယ်လို့လည်း မနေ့က နေပြည်တော် နိုင်ငံတော် သမ္မတ အိမ်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။
မီးလောင်ပျက်စီးသွားတဲ့ အဆောက်အဦးအရေအတွက်နဲ့ ပတ်သက်ပြီး မနေ့က သတင်းစာရှင်းလင်းပွဲမှာ HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ရဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ချက်အပေါ် အစိုးရက ဓါတ်ပုံမှတ်တမ်းနဲ့ ရှင်းပြခဲ့ပါတယ်။
HRW ရဲ့ စာရင်းအရ မောင်တောမြို့နယ် ဝါးပိတ်ရွာမှာ အိမ်အလုံး ၁၀၀၊ ကြက်ရိုးပြင်ရွာမှာ ၂၄၅ လုံး၊ ပြောင်ပိုက် ရွာမှာ ၈၅ လုံး စုစုပေါင်း အဆောက်အဦး ၄၃၀ မီးလောင်ပျက်စီးတာကို ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓါတ်ပုံ မှတ်တမ်းတွေနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဝါးပိတ်ရွာမှာ ၁၀၅ လုံး၊ ကြက်ရိုးပြင်ရွာမှာ အလုံး ၃၀၊ ပြောင်ပိုက်ရွာမှာ အလုံး ၂၀ နဲ့ ဒါးကြီးဇားရွာမှာ အလုံး ၃၀ စုစုပေါင်း ၁၈၅ လုံး ပျက်စီးခဲ့တယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။ အကြမ်းဖက် သမားတွေဟာ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းစဉ်မှာ နေအိမ်တွေကို မီးရှို့ထွက်ပြေးတာတွေ လည်းရှိတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် တပ်မတော်ဘက်က စစ်ကြောင်းမှူး တစ်ဦးအပါအဝင် အရာရှိစစ်သည် ၇ ဦး ကျဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကလည်း ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။