ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော် ရဲကင်းစခန်းတွေမှာ ခိုလှုံနေရ

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ မနေ့ကအထိ စာရင်းတွေအရ ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော် ရဲကင်းစခန်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

မောင်တောမြို့က ထွက်ပြေးတိမ်းရှောင်းလာတဲ့ ဒေသခံတွေကို သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: State Counsellor Office Information Committee

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ မနေ့ကအထိ စာရင်းတွေအရ ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော် ရဲကင်းစခန်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

သူတို့တွေဟာ ရဲကင်းစခန်းတွေမှာ စုနေကြပြီး လောလောဆယ် အဆက်အသွယ်ရသလောက် ကျန်းကျန်းမာမာ ရှိနေကြတယ်လို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြည်လွင် က ပြောပါတယ်။

"ဘူးသီးတောင်၊ မောင်တောရယ်၊ နောက် ရသေ့တောင်ပါတယ်၊ ပိတ်မိနေတာတွေရှိတယ်၊ မနေ့ကတော့ ၁၀၄ ယောက်ရှိတယ်၊ လောလောဆယ် သူတို့ကတော့ အဲဒီဒေသတွေမှာရှိတဲ့ လုံခြုံတဲ့စခန်းထဲ ကို ရောက်နေကြတယ်၊ အဲမှာတော့ စုပြီးတော့ ရဲတွေနဲ့ နေကြတယ်၊ လောလောဆယ်အထိကတော့ အားလုံးက ကျန်းကျန်းမာမာပါပဲ၊ ကျနော်တို့ ဆက်သွယ်လို့ ရသလောက်ပေါ့"

ပိတ်မိနေတဲ့သူတွေကို ပြန်ခေါ်ဖို့ စီစဉ်နေပေမယ့် လမ်းတွေပိတ်နေတာကြောင့် အဆင်မပြေသေးဘဲ နယ်ခြားစောင့် တပ်တွေ၊ ရဲကင်းတွေမှာ ခိုလှုံနေကြရတာဖြစ်တယ်လို့ ပြောပါတယ်။

အလားတူ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ပညာရေးဝန်ထမ်းတွေ ပိတ်မိနေတာတွေလည်း ရှိနေပြီး ပြည်နယ်ပညာရေးဦးစီးဌာနအနေနဲ့ ပိတ်မိနေသူတွေကို စာရင်းကောက်ယူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ တစ်မြို့နယ်ကို ပညာရေးဝန်ထမ်း ၁ ထောင်ကျော် ခန့်အပ်ထား တာ ဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူးက ပြောပါတယ်။

ပိတ်မိနေသူတွေနဲ့ အဆက်အသွယ်တွေရနေပြီး သူတို့ကလည်း ရဲကင်းစခန်းတွေ၊ လုံခြုံတဲ့နေရာတွေမှာ စုနေကြရတယ်လို့ သိရကြောင်းလည်း ပြောပါတယ်။

လုံခြုံရေးအခြေအနေအရ မောင်တောနဲ့ ဘူးသီးတောင်ကို ဆက်သွယ်သွားလာတဲ့ ကားလမ်းမကြီးကို ယာယီပိတ်ထားပြီး မောင်တောမြို့ပေါ်က ဈေးနဲ့ အစိုးရရုံးတွေ၊ စာသင်ကျောင်းတွေကိုပါ ပိတ်ထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org