မောင်တောက WFP ရိက္ခာသိုလောင်ရုံ မီးရှို့ဖျက်ဆီးခံရ

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ရိက္ခာသိုလောင်ရုံ မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ WFP က ဒီနေ့ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင်ရှိသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ ရိက္ခာသိုလောင်ရုံ မီးရှို့ဖျက်ဆီးခံခဲ့သည်ကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဉ်။ AA info Desk

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ရိက္ခာသိုလောင်ရုံ မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ WFP က ဒီနေ့ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့မှာ အဲဒီသိုလောင်ရုံထဲက ရိက္ခာတွေ ဖောက်ထွင်းလုယက်ခံရပြီး၊ အဆောက်အဦကိုပါ မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။ ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။

ဒီလုပ်ရပ်ကို WFP အဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အဖွဲ့အစည်းအသီးသီးအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။

ရခိုင့်တပ်တော် AA ကတော့ ဒီသိုလောင်ရုံကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့တာလို့ ဝေဟင်ကရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဗီဒီယိုထဲမှာတော့ ရိက္ခာထုပ်တွေကို လူတချို့သယ်ထုတ်သွားပြီးနောက် အဆောက်အဦကို မီးရှို့ဖျက်ဆီးခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းဖို့ ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီနှစ်အတွင်း မြန်မာနိုင်ငံအနှံ့က လူဦးရေတစ်သန်းနီးပါးအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မောင်တောဘက်ကိုတော့ ပြီးခဲ့တဲ့ မေလကစလို့ ဝင်ထွက်သွားလာလို့မရတော့ဘူးလို့ WFP ကပြောထားပါတယ်။

လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီတွေ လုံလုံခြုံခြုံနဲ့ အတားအဆီးမရှိ ပို့ခွင့်ရဖို့၊ အထောက်အပံ့ပစ္စည်းတွေ အဆောက်အဦတွေကို ကာကွယ်ပေးဖို့လည်း WFP ရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ရိက္ခာသိုလောင်ရုံမီးရှို့ဖျက်ဆီးခံရတဲ့ ကိစ္စကို WFP က ဆက်လက်စုံစမ်းပြီး အချက်အလက်တွေ စုဆောင်းသွားမယ်လို့လည်း ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org