John McCain ခရီးစဉ်အပေါ် မြန်မာအစိုးရ တုံ့ပြန်မှု ထူးခြား
မြန်မာနိုင်ငံကို ၃ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်းဟာ ခရီးစဉ်အပြီး မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး ပိုကောင်းဖို့ဆိုရင် လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
-
2011-06-04 -
-
-
Your browser doesn’t support HTML5 audio
ပထမ အရေးအကြီးဆုံး အချက်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ နောက် ခြေလှမ်းတခုက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ ဆုံးဖြတ်ချက်တွေမှာ ပါသလို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အာမ, ခံပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီရေး အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် အသိအမှတ် ပြုဖို့၊ နောက်ဆုံးအချက်ကတော့ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေ အပါအဝင် နျူကလီယား မပြန့်ပွားရေး ကုလသမဂ္ဂ ပိတ်ဆို့ အရေးယူမှုတွေကို လိုက်နာဖို့ … စတဲ့အချက်တွေ ဖြစ်တယ်လို့ မစ္စတာမက်ကိန်းက ထောက်ပြပါတယ်။
တဖြည်းဖြည်းချင်း ပြောင်းလဲတာကို မလုပ်ဆောင်တဲ့ အစိုးရတွေဟာ နောင်တချိန်မှာ တော်လှန်ရေးနဲ့ ပြောင်းလဲတာကို ကြုံရမှာပဲ ဖြစ်ကြောင်း၊ ဒီအပြောင်းအလဲ ဆိုတာကို ခဏ ဆိုင်းထားလို့၊ ရွှေ့ထားလို့ ရကောင်းရပေမယ့် ငြင်းလို့တော့ မရဘူးလို့လည်း မစ္စတာမက်ကိန်းက သတိပေးထားပါတယ်။ အခုချိန်မှာ အပြောင်းအလဲဆိုတဲ့ လေပြင်းတိုက်နေပြီး ဒါဟာ အာရပ်ကမ္ဘာ တခုတည်းမှာပဲ ဖြစ်နေမှာ မဟုတ်ဘဲ အပြောင်းအလဲ မလုပ်တဲ့ အစိုးရတိုင်းဆီကို ရောက်လာနိုင်ပါတယ်လို့လည်း ကြေညာချက်မှာ မြန်မာအစိုးရသစ်ကို သတိပေးထားပါတယ်။
ဒီကြေညာချက် ထုတ်ပြန်လိုက်တဲ့ တနေ့တည်းမှာပဲ မြန်မာအစိုးရ သတင်းစာတွေကလည်း မစ္စတာမက်ကိန်းနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးတာကို အစိုးရ သတင်းမီဒီယာတွေကနေ တခမ်းတနား ဖော်ပြလိုက်ပါတယ်။
တနေ့တည်း တရက်တည်းမှာ ထုတ်ပြန်တဲ့ မစ္စတာမက်ကိန်းရဲ့ ကြေညာချက်နဲ့ အစိုးရသတင်းစာ ဖော်ပြချက်တွေအကြောင်း RFA က ဦးကျော်မင်းထွန်းက စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |