မန္တလေးမှာ အရက်ဝိုင်းဖွဲ့သောက်သူ ၁၈၂ ဦးကို အရေးယူ
မန္တလေးမြို့က အထင်ကရနေရာတွေဖြစ်တဲ့ ကျုံးပတ်လည်နဲ့ မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းမှာ ညဘက် ဝိုင်းဖွဲ့အရက်သောက်နေသူတွေကို အထူးစီမံချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ ကနေ စပြီးအမှုဖွင့်အရေးယူခဲ့ရာမှာ လူဦးရေ ၁၈၂ ဦးကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ အသီးသီး ချမှတ်ခဲ့တယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။
-
2017-10-14 -
-
-
မန္တလေးမြို့က အထင်ကရနေရာတွေဖြစ်တဲ့ ကျုံးပတ်လည်နဲ့ မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းမှာ ညဘက် ဝိုင်းဖွဲ့အရက်သောက်နေသူတွေကို အထူးစီမံချက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့ကနေ စပြီးအမှုဖွင့် အရေးယူခဲ့ရာမှာ လူဦးရေ ၁၈၂ ဦးကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ အသီးသီး ချမှတ်ခဲ့တယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။
အများပြည်သူ အပန်းဖြေတဲ့နေရာတွေမှာ အများပြည်သူ စိတ်အနှောင့်အယှက် အဟန့်အတားဖြစ်အောင် ဆောင်ရွက်ရင် အရေးယူနိုင်တဲ့ ရဲအက်ဥပဒေနဲ့ အောက်တိုဘာလ ၇ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ အရေးယူ ခဲ့ရာမှာ စုစုပေါင်း ၂၆၀ မှု ရှိခဲ့တယ်လို့ ဒုရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။
"အားလုံးစုစုပေါင်း နောက်ဆုံးအခြေအနေက ၇ ရက်ကနေ မနေ့ညထိ ၂၆၀ ပေါ့၊ လူကလည်း ၂၆၀ အမှုကလည်း ၂၆၀ ၊ ထောင် ၇ ရက်ကျတာလည်းရှိတယ်၊ ပထမဆုံး စွဲတင်တာတွေက ဒဏ်ငွေ ၅၀ ဒဏ်ရိုက်တာတွေလည်းရှိတယ်"
အမှုပေါင်း ၂၆၀ ထဲက ၁၁၃ ယောက်ကို ငွေဒဏ် ကျပ် ၅၀ စီချမှတ်ခဲ့ပြီး ၆၉ ယောက်ကို ထောင်ဒဏ် ၇ ရက်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့တော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းတွေမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရေးယူဆောင်ရွက်တာဖြစ်ပြီး မန္တလေးမြို့ရဲ့ အထင်ကရနေရာတွေမှာ ဝိုင်းဖွဲ့အရက်သောက်နေတာတွေ ပျောက်ကွယ်သွားတဲ့အထိ စီမံချက်နဲ့ အဆက်မပြတ် အရေးယူသွားမယ်လို့ ဒုတိယရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။