တပ်နဲ့ တောင်သူ ၁၀၅ ဦး အမှု စဉ့်ကူးမှာ စတင်တရားရင်ဆိုင်
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က တောင်သူ ၁၀၅ ယောက်ကို တပ်ပိုင်မြေထဲမှာ နေအိမ်ဆောက်လုပ်နေထိုင်မှု၊ ခြံစည်းရိုးခတ်ထားမှုတို့အတွက် တပ်မတော်က တရားလိုပြုလုပ်ပြီး ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ တရားမမှုအနေနဲ့ တရားစွဲဆိုလိုက်ပါတယ်။
-
ခေမဏီဝင်း
2020-07-13 -
-
-
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်က တောင်သူ ၁၀၅ ယောက်ကို တပ်ပိုင်မြေထဲမှာ နေအိမ်ဆောက်လုပ်နေထိုင်မှု၊ ခြံစည်းရိုးခတ်ထားမှုတို့အတွက် တပ်မတော်က တရားလိုပြုလုပ်ပြီး ဒီကနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ တရားမမှု အနေနဲ့ တရားစွဲဆိုလိုက်ပါတယ်။
တပ်နဲ့ အမှုဖြစ်နေတဲ့ တောင်သူတွေကို တရားရုံးက ဒီနေ့ ဆင့်ခေါ်ခဲ့ပေမယ့် အမှုကို စစ်ဆေးနိုင်ခြင်း မရှိသေး ပါဘူး။ စဉ့်ကူးမြို့နယ်က ညောင်ဝန်းနဲ့ ငွေတောင်ကျေးရွာ နှစ်ရွာပေါင်း လယ်ယာမြေဧက ၃၀၀၀ ခန့်မှာ တပ်မတော်နဲ့ ဒေသခံတောင်သူတွေ ပိုင်ဆိုင်မှု အငြင်းပွားနေတာပါ။ အဲဒီမြေယာတွေထဲ နေအိမ်ဆောက်လုပ် ထားတာတွေ၊ ခြံစည်းရိုးခတ်ထားတာတွေကို ဖျက်သိမ်းထွက်ခွာပေးဖို့ဆိုပြီး တပ်မတော်က တရားရုံးထံ လျှောက်ထားတာဖြစ်ပါတယ်။
၁၉၇၃ ခုနှစ်ကစတင်ပြီး အမှတ် (၁၂၁) ထောက်ပို့နဲ့ ပို့ဆောင်ရေးတပ်ရင်းမြေအဖြစ် စတင်လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့ တရားရုံးကို တပ်မတော်က တင်ပြထားတဲ့ ဆင့်စာမှာ ဖော်ပြထားပါတယ်။
နောက်ဆုံးထား ထွက်ခွာပေးဖို့ သတိပေးထားတဲ့ရက် ကျော်သွားချိန်အထိ လိုက်နာခြင်း မရှိတာကြောင့် ဥပဒေကြောင်းအရ ဆက်လက်ဖြေရှင်းတာလို့ တရားလို ဗိုလ်ကြီး ဇော်ဝင်းနိုင်က ပြောပါတယ်။
“ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်တဲ့မြေမှာ ဝင်နေလို့ ထွက်ခွာပေးစေလိုမှုနဲ့ စွဲတာ။ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ပေးဖို့ ပြောထားတယ်၊ မထွက်လို့ လာတရားစွဲတာ”
ဗိုလ်ကြီး ဇော်ဝင်းနိုင်ဟာ မြေယာအရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းတရားစွဲဆိုဖို့ သီးသန့်တာဝန်ပေးခြင်း ခံထားရ သူလည်း ဖြစ်ပါတယ်။
တရားစွဲခံရတဲ့ တောင်သူတွေက တခြားမှာ နေစရာမရှိတဲ့အတွက် ထွက်ခွာပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။
အခုလို တရားစွဲဆိုခံရတာ စိုးရိမ်မိတယ်လို့ ညောင်ဝန်းကျေးရွာက မြေသိမ်းခံရသူလည်းဖြစ်၊ တရားစွဲဆိုခံရသူ လည်းဖြစ်တဲ့ တောင်သူ မစန်းကြင်နုက ပြောပါတယ်။
“တစ်အိမ်နဲ့ တစ်အိမ်တောင် ပူးပူးကပ်ကပ် မနေရချိန်မှာ အခုလိုခေါ်တာ ဝမ်းနည်းတယ်။ ကြောက်လည်း ကြောက်တယ်”
ငွေတောင်ကျေးရွာက ကျေးရွာတာဝန်ခံ ကိုနိုင်နိုင်ထွန်းက ပြည်သူတွေက နေစရာမရှိလို့ အခုလို ဝင်ရောက်နေထိုင် ကြတာလို့ ပြောပါတယ်။
“ပြည်သူတွေက နေစရာမရှိလို့ မြေရိုင်းတွေကို ရှင်းပြီးလုပ်နေတာကို တပ်ကပိုင်တယ်ဆိုပြီး တရားစွဲတယ်။ တပ်မတော်လုပ်နေတဲ့ပုံစံက ကျွန်တော်တို့ အသက်အိုးအိမ်ကို ဖြိုခွဲနေသလို ခံစားရတယ်”
ညောင်ဝန်းကျေးရွာမှာ ၂၀၁၄ ခုနှစ် သြဂုတ်လကလည်း တပ်နဲ့ တောင်သူတွေအကြား မြေယာပြဿနာ ဖြစ်ပွားခဲ့ပါသေးတယ်။
ညောင်ဝန်းကျေးရွာသူ ဒေါ်နွဲ့ရီက သူတို့ဟာ ကျူးကျော်နေထိုင်သူတွေ မဟုတ်ဘူးလို့ ပြောပါတယ်။
“တစ်နှစ်ကို အိမ်ထောင်သည်က ၆၀ လောက်ရှိတယ်။ အိမ်ထောင်သည် တိုးတာကို တွက်ကြည့်ပါ။ မိဘ ဆီလည်း နေစရာမရှိဘူး။ ဒီလိုနေရာတွေမှာ မနေရင် ဘယ်မှာနေမှာလဲ၊ ဒါကတော့ ကျူးကျော်တယ်လို့ မမြင်ပါဘူး”
ရွာနားမှာရှိတဲ့မြေကို ရွာသားတွေပိုင်တယ်ဆိုတာက အဓိပ္ပာယ်ရှိပေမယ့် မန္တလေးမှာရှိတဲ့ စစ်တပ်ကပိုင်တယ် ဆိုတာ မဖြစ်နိုင်တဲ့ အနေအထားပဲလို့ မြေယာအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ မန္တလေးမြို့က ဦးဒိုးကြီးက ပြောပါတယ်။ ဒီလို ဖြေရှင်းတာဟာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုကိုပါ ထိခိုက်စေတယ်လို့ သူက ဝေဖန်ပါတယ်။
“၁၀၅ ယောက်ကို တစ်ပြိုင်နက်တည်း တရားစွဲဆိုတာက ဗမာပြည်အနေအထားအရ တစ်ပြိုင်နက်တည်း တရားစွဲတာ အများဆုံးဖြစ်တယ်လို့မြင်တယ်။ ဒါတွေက ဖြစ်လည်းမဖြစ်သင့်ဘူး၊ အနာဂတ် ဖက်ဒရယ် အတွက်လည်း အနှောင့်အသွားဖြစ်တယ်။ ဒါတွေကိုအမြန်ဆုံး စိစစ်ပေးဖို့ စိစစ်တာမျိုး လုပ်ဖို့လိုတယ်”
စဉ့်ကူးမြို့နယ် တရားရုံးက တရားရုံးပြန်ကြားရေးအရာရှိ ဦးစိုးလှိုင်ထွန်းက ဒီအမှုမှာ တပ်မတော်က နိုင်သွားမယ် ဆိုရင် ဥပဒေအရ တောင်သူတွေက အငြင်းပွားမြေကနေ ထွက်ခွာပေးရမှာဖြစ်တယ်လို့ ပြောပါတယ်။
“စွဲထားတာက ဖယ်ရှားထွက်ခွာပေးစေလိုတာဆိုတော့ နိုင်ရင်တော့ ဥပဒေနဲ့အညီပဲ ဆက်သွားရမှာ“
တပ်က စွဲဆိုထားတဲ့ တောင်သူအမည်စာရင်းထဲမှာ သေဆုံးသူတွေ၊ နာမည်တူသူတွေ ပါနေတဲ့အတွက် ပြန်လည်စစ်ဆေးဖို့ လိုအပ်နေသေးတယ်လို့ တရားရုံးပြန်ကြားရေးအရာရှိက ပြောပါတယ်။ လာမယ့် ဇူလိုင် ၂၈ ရက် ရုံးချိန်းမှာ တပ်မတော်က တောင်သူအမည်စာရင်းနဲ့ ပတ်သက်လို့ ပြန်လည်တင်ပြပေးရမှာပါ။
မန္တလေးတိုင်းအတွင်းမှာ စိုက်ပျိုးရာသီရောက်ပြီဆိုရင် တောင်သူတွေနဲ့ တပ်မတော်အကြား မြေယာပိုင်ဆိုင်မှု အငြင်းပွားတဲ့ပြဿနာတွေနဲ့ တရားစွဲဆိုတာတွေ ဖြစ်လေ့ရှိပါတယ်။ ပြင်ဦးလွင် တရားရုံးမှာ ကျွဲနဖားကျေးရွာက တောင်သူ ၇ ယောက်ခန့်ဟာလည်း တပ်မတော်က တရားစွဲထားတဲ့အတွက် တရားရင်ဆိုင်နေရပါတယ်။
ရာနဲ့ချီတဲ့ တောင်သူတွေကို တရားစွဲဆိုမှုကတော့ အရင် ၂၀၁၄ ခုနှစ်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က တောင်သူ ၄၀၀ ကျော်ကို အကျိုးဖျက်ဆီးမှုတွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ချမှတ်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးပါတယ်။