မန္တလေးမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး

မန္တလေးမြို့မှာ ဒီနေ့ နေ့လယ်ခင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မန္တလေးမြို့၊ ၅၅ လမ်း ရွာလယ်လမ်းနဲ့ နှင်းဆီလမ်းကြား၊ ထွန်တုံးရပ်ကွက်မှာ သေနတ်နဲ့ ပစ်ခတ်သူတစ်ဦးကို ဖမ်းဆီးရမိစဉ် Photo: Khaymani Win/ RFA

မန္တလေးမြို့မှာ ဒီနေ့ နေ့လယ်ခင်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်သူ နှစ်ယောက်ထဲက တစ်ယောက်ကိုတော့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး တစ်ယောက်ကတော့ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်မှု မလုပ်နိုင်သေးဘူးလို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားသူဟာ လမ်းတစ်လျှောက်မှာလည်း ဆိုင်ကယ်တွေ၊ ကားတွေကို လုယူဖို့ ကြိုးစားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

သေနတ်ဒဏ်ရာကြောင့် အမျိုးသမီးကတော့ နေရာမှာတင် သေဆုံးခဲ့ပြီး အမျိုးသားကတော့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။

ဖမ်းမိထားသူဟာ အုန်းချောမြို့နယ်ဘက်ကဖြစ်ပြီး ကျပန်းအလုပ်အကိုင်လုပ်တာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိထားသူတစ်ဦးကို မန္တလေးခရိုင် ရဲတပ်ဖွဲ့ရုံးကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ကျန်စစ်သားလမ်းမှာ ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org