မန္တလေးမှာ ညဘက်အပြင်ထွက်သူကို ရဲကရိုက်နှက်မှု ဝေဖန်ခံနေရ
ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့မှာ မနေ့ညက လမ်းပေါ်ထွက်မိတဲ့ အမျိုးသားတစ်ယောက်ကို လုံခြုံရေး တာဝန်ကျ ရဲတစ်ဦးက တုတ်နဲ့ရိုက်နှက် အပြစ်ပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အများပြည်သူကြားမှာ သဘောထားအမြင် မတူညီတာတွေ ရှိနေပါတယ်။
-
ခေမဏီဝင်း
2020-04-22 -
-
-
ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့မှာ မနေ့ညက လမ်းပေါ်ထွက်မိတဲ့ အမျိုးသားတစ်ယောက်ကို လုံခြုံရေး တာဝန်ကျ ရဲတစ်ဦးက တုတ်နဲ့ရိုက်နှက် အပြစ်ပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အများပြည်သူကြားမှာ သဘောထားအမြင် မတူညီတာတွေ ရှိနေပါတယ်။
ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး မနေ့ည ၁၁ နာရီကျော်လောက်မှာ မန္တလေးမြို့ ၆၂ လမ်းပေါ်မှာ အမျိုးသား တစ်ဦး ဆိုင်ကယ်နဲ့ သွားလာတာကို လုံခြုံရေးတာဝန်ကျ ရဲတစ်ဦးက တုတ်နဲ့ရိုက်နှက်ခဲ့ပါတယ်။
အောင်မြတ်ဟိန်း ဆိုသူက သူ့ရဲ့ဖေ့ဘွတ်ခ်မှာ အဲဒီဖြစ်ရပ်ကို ရုပ်သံရိုက်ကူးပြီး တိုက်ရိုက်လွှင့်ခဲ့ရာမှာ ကြည့်ရှုသူ သိန်းဂဏန်းထိရှိနေပြီး ပြန်လည်မျှဝေသူ အများအပြား ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရိုက်နှက်သင့်တယ်လို့ တချို့ကမှတ်ချက်ပေးကြသလို ရိုက်နှက်နိုင်ကြောင်း ဥပဒေက ခွင့်ပြုပြဌာန်းထားတာမရှိလို့ တခြားပြဋ္ဌာန်းထားတဲ့ ဥပဒေအရသာ အရေးယူသင့်ပြီး မရိုက်သင့်ဘူးလို့ မှတ်ချက် ပေးသူတွေ ရှိပါတယ်။
မန္တလေးမြို့ အထက ၁၆ ကျောင်းအနီး၊ ညနေခင်းအချိန်မှာ အမျိုးသမီးတစ်ယောက် ပိုက်ဆံအိတ် လုယက်ခံရ တာကို ဝင်ရောက်ကူညီပေးခဲ့ဖူးတဲ့ ကိုမင်းထက်သျှားကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။
“ဥပဒေအရတော့ မန္တလေးမြို့မှာ ရိုက်မယ်ဆိုတာတော့ မရှိသေးဘူး၊ ရိုက်ဖို့ ဥပဒေမရှိဘူး၊ ဒေသန္တရ ဥပဒေ ရှိသင့်တယ် ထင်တယ်။ လုယက်မှုတွေရှိတယ်၊ ဖောက်ထွင်းမှုတွေ ရှိတယ်။ လူကောင်းသူကောင်းတွေကတော့ ညပိုင်းတွေ တော်တော်များများ မထွက်ကြဘူးလို့ ယူဆတယ်၊ ဖောက်ထွင်းမှုတွေ ဖြစ်လာမှာစိုးတဲ့အတွက် ကြိမ်ဒဏ်တော့ ရှိသင့်တယ်၊ အရမ်းဆိုးဆိုးဝါးဝါးကြီးတော့ မဖြစ်စေချင်ဘူး”
အခုလို အပြစ်ပေးတာက အခြေခံဥပဒေကို ချိုးဖောက်ရာရောက်နေတယ်လို့ မန္တလေးမြို့က ဒေသခံ ကိုစန်းယုကျော်က ပြောပါတယ်။
“တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့ ပါပေမယ့် ရိုက်နှက်အပြစ်ပေးရမယ်လို့ မပါဘူး၊ အခြေခံဥပဒေရဲ့ ပုဒ်မမှာ လူသိက္ခာ ညှိုးနွမ်းစေတဲ့ ပြစ်ဒဏ်မျိုး မပေးရဘူး“
ဒီလိုရိုက်နှက်အပြစ်ပေးတာဟာ အွန်လိုင်းမှာ လူကြည့်များတဲ့ အိန္ဒိယနိုင်ငံက ရဲတွေရဲ့ ရိုက်နှက်မှု ပုံစံကို အတုခိုးထားသလို ဖြစ်နေတယ်လို့ မန္တလေးမြို့က ကိုကျော်ကြီးက ပြောပါတယ်။
“အိန္ဒိယက အပြင်ထွက်ရင် ရိုက်တယ်။ သူတို့ဥပဒေမှာ ဘယ်လိုပြဋ္ဌာန်းထားသလဲမသိပေမယ့် ကျွန်တော်တို့ ဥပေဒမှာက ရဲဥပဒေမှာရော ပြည်သူကို ရိုက်ပိုင်ခွင့်မရှိဘူး၊ အခုလိုလုပ်တာက ဥပဒေဘောင် ကျော်သွားတယ်လို့ မြင်တယ်“
တရားလွှတ်တော် ရှေ့နေတစ်ယောက်ဖြစ်တဲ့ ကိုစည်သူက
“ပြည်သူတွေအနေနဲ့ အပြင်ထွက်ခွင့်မရှိတာ ထုတ်ပြန်ထားတယ်။ ရဲတပ်ဖွဲ့ဝင်အနေနဲ့ ခိုင်မာလုံလောက်တဲ့ အကြောင်း မေးမြန်းရမယ်။ ခိုင်မာရင် သူသွားချင်တဲ့ခရီးကို ဆက်သွားခွင့်ပေးရမယ်။ အခုလို ကိုယ်ထိလက် ရောက် လုပ်ပိုင်ခွင့်မရှိဘူး၊ ပြုလုပ်မယ်ဆိုရင် ရဲစည်းကမ်းဥပဒေအရ အရေးယူခံရမယ်။ ရဲလက်စွဲမှာလည်း အတိအလင်း ပြဌာန်းထားပြီးသားပါ“
မန္တလေးမြို့မှာ ဧပြီလ ၁၈ ရက်နေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန် ထားပြီး တိကျစွာလိုက်နာဆောင်ရွက်ဖို့နဲ့ ပျက်ကွက်မယ်ဆိုရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမယ်လို့ တိုင်းအစိုးရ အဖွဲ့က ပြောထားပါတယ်။
ညဘက် အပြင်ထွက်သူကို ရိုက်နှက်မှုနဲ့ ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးအနေနဲ့လည်း တိုင်းအစိုးရကို တင်ပြ ထားတယ်လို့ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လက်တလောမှာတာ့ မန္တလေးမှာ အခုရက်ပိုင်းအထိတော့ ညမထွက်ရ စည်းကမ်းချိုးဖောက်လို့ အရေးယူတာမျိုး မရှိသေးဘူးလို့ မန္တလေးခရိုင် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖီဆန်ခြင်းဆိုတဲ့ ပုဒ်မ ၁၈၈ နဲ့ အရေးယူခံရမှာဖြစ်ပြီး ပြစ်မှုထင်ရှားခဲ့ရင်တော့ ထောင်ဒဏ် တစ်လ ဖြစ်စေ ဒဏ်ငွေ နှစ်ရာ ဖြစ်စေ၊ ဒဏ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ရာဇသတ်ကြီးဥပဒေမှာ ပြဌာန်း ထားပါတယ်။