အိုးဘိုထောင်မှာ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသားတွေကို ထောင်ဝင်စာ ပို့ခွင့်မရ
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံးအထိမ်းအမှတ်နေ့အဖြစ် ထောင်တွင်း ဆန္ဒပြတောင်းဆိုမှုမှာ ရိုက်နှက်ခံရတာကြောင့် အကျဉ်းသား သုံးဦး ဆေးရုံတက်ကုသနေရပြီး နောက်ထပ် ၃၇ ဦးကတော့ နှစ်ပတ်တာ တိုက်ပိတ်ဒဏ်ခံနေရတယ်လို့ အိုးဘိုထောင်နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
- 2021-08-20
-
-
-
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ရှစ်လေးလုံးအထိမ်းအမှတ်နေ့အဖြစ် ထောင်တွင်း ဆန္ဒပြတောင်းဆိုမှုမှာ ရိုက်နှက်ခံရတာကြောင့် အကျဉ်းသား သုံးဦး ဆေးရုံတက်ကုသနေရပြီး နောက်ထပ် ၃၇ ဦးကတော့ နှစ်ပတ်တာ တိုက်ပိတ်ဒဏ်ခံနေရတယ်လို့ အိုးဘိုထောင်နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
တိုက်ပိတ်ခံထားရတဲ့သူတွေနဲ့ပတ်သက်လို့ ထောင်ဝင်စာပို့ခွင့်ပါ ပိတ်ပင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“၈ ရက်နေ့အထိမ်းအမှတ်အနေနဲ့ ထောင်ထဲကနေ စစ်အာဏာရှင်ကို တောင်းဆိုချက်တွေ ကြွေးကြော် တယ်။ နောက် သွေးသစ္စာသီချင်းတွေ ဆိုတယ်။ ခဏနေတော့ ထောင်ဝန်ထမ်းတွေ ရောက်လာပြီး ရိုက်ကြ၊ နှက်ကြတယ်။ စဖြစ်တာကတော့ အဆောင်အမှတ် (၃) ကစဖြစ်တာ။ ဒဏ်ရာရသူတွေကို ထောင်ဆေးရုံမှာ တင်ထားတယ်။ ၃၇ ယောက်ကိုတော့ တိုက်အမှတ် (၁) ပြစ်ဒဏ်တိုက်မှာ ပိတ်ထားတယ်။ နှစ်ပတ် ဒဏ်ထားတယ်။ ခြေထောက်မှာ သံဒေါက်တွေ ခတ်ခံထားရတယ်”
ထောင်ဆေးရုံမှာ ကုသမှုခံယူနေရသူတွေနဲ့ပတ်သက်လို့လည်း ကျန်းမာရေးအခြေအနေ အတိအကျ မသိရသေးတဲ့အတွက် စိုးရိမ်နေတယ်လို့လည်း ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အကျဉ်းထောင်တွင်း ဆန္ဒပြမှုနဲ့ ပတ်သက်လို့ သြဂုတ်လ ၉ ရက်နေ့က မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်ကို RFA ကမေးမြန်းခဲ့ရာမှာတော့ သြဂုတ်လ ၈ ရက်နေ့ ည ၉ နာရီ မီးပိတ်ချိန်မှာ ကြွေးကြော်ပြီး သီချင်းဆိုခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒဏ်ရာရတာ၊ တိုက်ပိတ်တာ မရှိကြောင်း၊ အကျဉ်းထောင်ဥပဒေကို ဖောက်ဖျက်ရင် အရေးယူခံရမှာဖြစ်ကြောင်း ဖြေကြားထားပါတယ်။
ရန်ကုန်၊ အင်းစိန်ထောင်မှာလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့တဲ့ ဖြစ်စဉ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဗကသ ဗဟိုအမှုဆောင် အနည်းဆုံး အယောက် ၂၀ လောက်တိုက်ပိတ်ခံခဲ့ရတယ်လို့ ပြောဆိုထားကြပါတယ်။