ချမ်းမြသာစည်မြို့နယ်က ကျူးကျော်နေအိမ်တွေ ဖယ်ရှား
2018.09.09
မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးက ကျူးကျော်နေအိမ်တွေနဲ့ အဆောက်အဦးတွေကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဒီနေ့မနက်ကစပြီး လိုက်လံဖျက်သိမ်းနေပါတယ်။
အဲဒီ ကျူးကျော်နေအိမ်တွေမှာ နေထိုင်သူတွေကို မနေ့က စက်တင်ဘာလ ၈ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အသိပေး အကြောင်းကြားစာ ပေးပို့ထားတာဖြစ်ကြောင်း နေအိမ်ဖယ်ရှားခံခဲ့ရတဲ့ ကိုနေလင်းက ပြောပါတယ်။
"ဖျက်တာကတော့ လမ်းတစ်လျှောက်လုံးပဲ၊ နေစရာရှိလို့ဖျက်တာတော့ မဟုတ်ဘူး၊ကြောက်လို့ ဖျက်ကြရတာပေါ့၊ ကိုယ်ကိုယ်တိုင် ဖျက်ရင်ဖျက်ပေါ့။ လာကြတာက အလုံးအရင်းပဲ စည်ပင်နဲ့ ရဲတွေ သေနတ်တွေနဲ့ ရောက်လာ ကြတော့၊ တချို့တွေများ ဒုက္ခရောက်တာပေါ့။ မိသားစုက အများကြီးတွေနဲ့ဆိုတော့"
နေအိမ်တွေ ဖျက်သိမ်းခံရသူတွေက သွားစရာနေရာမရှိတဲ့အတွက် အဲဒီနေရာက မြေပြင်မှာပဲ အခင်းခင်းပြီး ဆက်လက်နေထိုင်သူတွေလည်းရှိကြောင်း ကိုနေလင်းက ပြောပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဟာ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ကျူးကျော်နေ အိမ်တွေကို ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
ကျူးကျော်နေထိုင်သူတွေကတော့ သူတို့မိသားစုတွေထဲမှာ ကျောင်းတက်နေဆဲ ကျောင်းသားတွေရှိနေပြီး စာမေးပွဲဖြေဆိုပြီးအချိန်ထိ ဆက်လက်နေထိုင်ခွင့်ပေးဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ကို မနေ့က အသနားခံစာ တင်ထားတယ်လို့ သိရပါတယ်။
အဲဒီနေရာမှာနေထိုင်တဲ့သူ အများစုဟာ လွန်ခဲ့တဲ့ ၂၅ နှစ် လောက်တည်းက စတင်နေထိုင်လာသူတွေဖြစ်ပြီး ဒီနေ့ ဖယ်ရှားရှင်းလင်းတဲ့အထဲမှာ အိမ်ခြေ ၁၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ဧရာဝတီမြစ်ကမ်းနားက ကျူးတွေနေအိမ်တွေကို မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီဟာ ရှင်းလင်းခဲ့ပါတယ်။