ကိုရိုနာအကြောင်းပြ စက်ရုံပိတ်မှုတွေကို စောင့်ကြည့်သွားမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်တယ်ဆိုပြီး ပိတ်လိုက်တဲ့ အထည်ချုပ် စက်ရုံတွေမှာ အမှန်တကယ်ကုန်ကြမ်း ပြတ်လပ်တာ ဟုတ်၊ မဟုတ် စောင့်ကြည်ဖို့ အလုပ်သမားအဖွဲ့ ၁၂ ဖွဲ့ပူးပေါင်းပြီး ကုန်ကြမ်းပြတ်လပ်မှု စောင့်ကြည့်ရေးအဖွဲ့ကို ဒီနေ့ မတ် ၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြ စက်ရုံ ပိတ်မှုတွေကို စိစစ်ပေးဖို့ မန္တလေးမြို့မှာ ၂ဝ၂ဝ မတ် ၈ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြစဉ် Photo: Khaymani Win/RFA

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်တယ်ဆိုပြီး ပိတ်လိုက်တဲ့ အထည်ချုပ်စက်ရုံတွေမှာ အမှန်တကယ် ကုန်ကြမ်း ပြတ်လပ်တာ ဟုတ်၊ မဟုတ် စောင့်ကြည်ဖို့ အလုပ်သမားအဖွဲ့ ၁၂ ဖွဲ့ပူးပေါင်းပြီး ကုန်ကြမ်းပြတ်လပ်မှု စောင့်ကြည့်ရေးအဖွဲ့ကို ဒီနေ့ မတ် ၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အထည်ချုပ် စက်ရုံ ၁၆ ရုံဟာ ကုန်ကြမ်းပြတ်လပ်တယ်ဆိုပြီး ပိတ်လိုက်လို့ အလုပ်သမား ငါးထောင်နဲ့ ခုနစ်ထောင်ကြား အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။

ပိတ်သွားတဲ့ စက်ရုံတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံက ကုန်ကြမ်းပစ္စည်းပြတ်သွားတယ်ဆိုပြီး ပြောကြပါတယ်။

ဒါကြောင့် အလုပ်သမားအရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၁၂ ဖွဲ့က ကိုရိုနာဗိုင်းရပ်ကြောင့် ကုန်ကြမ်းတကယ် ပြတ်လပ်မှု ရှိ၊ မရှိ စစ်ဆေးဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ ဒီနေ့ လှိုင်သာယာမြို့နယ် SKY Hotel မှာ သတင်းသမားတွေနဲ့ တွေ့ဆုံပြီး  ပြောလိုက်တာပါ။  

စက်ရုံပိတ်လိုက်တဲ့ အကြောင်းပြချက်ကို သံသယရှိလို့ စောင့်ကြည်စစ်ဆေးသွားမယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ပြောပါတယ်။

“စက်ရုံပိတ်သိမ်းတော့မယ်၊ ခေတ္တရပ်ဆိုင်းတော့မယ်ဆိုရင် လုပ်ရမယ့်လုပ်ထုံးလုပ်နည်းတွေရှိတယ်၊ အဲအတိုင်း တိတိကျကျဆောင်ရွက်တယ်၊ အလုပ်ရုံပိတ်တော့မယ်ဆိုရင် တကယ်ကုန်ကြမ်းပြတ်လို့လား၊ အော်ဒါပြတ်လို့လား၊ အရှုံးပေါ်လို့လား စုံစမ်းစစ်ဆေးတဲ့ ယန္တရားခိုင်ခိုင်မာမာရှိဖို့လို့တယ်၊ အဲစစ်ဆေးတဲ့ ရလဒ်ကလည်း အလုပ်သမားတွေကိုယ်တိုင် ယုံကြည်လက်ခံနိုင်ဖို့လိုတယ်လို့ ကျနော်မြင်တယ်”

လက်ရှိပိတ်သိမ်းလိုက်တဲ့ စက်ရုံတွေအားလုံးနီးပါးဟာ အလုပ်သမားသမဂ္ဂတွေရှိတဲ့ စက်ရုံတွေဖြစ်ပြီး အမှန်တကယ် ကုန်ကြမ်းပြတ်လို့ ပိတ်လိုက်တာလား၊ အလုပ်သမားသမဂ္ဂအဖွဲ့တွေကို ဖြိုခွဲချင်လို့ ပိတ်တာလားဆိုတာကို အလုပ်သမားသမဂ္ဂအဖွဲ့တွေက သံသယရှိနေကြတာပါ။

ကုန်ကြမ်းပြတ်လပ်လို့ဆိုပြီး စက်ရုံပိတ်သိမ်းဖို့ ပြင်ဆင်နေတဲ့ အထည်ချုပ်စက်ရုံတွေလည်း အတော်များများ ရှိနေပါတယ်။

စက်ရုံပိတ်လို့ အလုပ်လက်မဲ့ဖြစ်သွားသူတွေအတွက် အစိုးရက ဆောင်ရွက်ပေးဖို့ လိုအပ်တာတွေကို ပြောပြတာက အနာဂတ်အလင်းတန်းဆုံမှန်အဖွဲ့ ဒါရိုက်တာ မသက်သက်အောင် က ပြောပါတယ်။

“သံသယဖြစ်စရာ ကျနော်တို့ဘက်ကရှိတယ်၊ တကယ်ကုန်ကြမ်းပျက်တာ ဟုတ် မဟုတ်၊ စက်ရုံပိတ်သိမ်းမှုက လျှင်လျှင်မြန်မြန်ပိတ်လို့မရဘူး၊ အရေးပေါ်အခြေအနေကလွဲရင်၊ ကုန်ကြမ်းဆိုတာ ဖြုန်းဆိုပြတ်သွားတာ မဟုတ်ဘူး၊ ပိတ်သိမ်းတာကိုအကြောင်းပြုပြီး တဖက်လှည့်နဲ့ အသစ်ဖွင့်သွားလား၊ ဘာကြောင့်ဒီလိုပြောလဲဆို ၂၀၁၉ ခုနှစ်အတွင်း အလုပ်သမားဆန္ဒပြပွဲတွေက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာတယ်၊ ဒါအကြောင်းပြုပြီး ရန်ကုန်မှာ စက်ရုံတွေပိတ်သိမ်းပြီး နယ်တွေမှာပြောင်းဖွင့်တာတွေရှိတယ်၊ ဒီဗိုင်းရပ်စ်ကိုအကြောင်းပြုပြီး တချက်ခုတ်နှစ်ချက်ပြတ် နယ်တွေပြောင်းဖွင့်သလား၊ ပိတ်သိမ်းမှုသည် အခြေအနေမှန် ဟုတ် မဟုတ်ကို သံသယဖြစ်မိတယ်”

ကုန်ကြမ်း အမှန်တကယ် ပြတ်လပ်မှုရှိ၊ မရှိ စောင့်ကြည်ရေးအဖွဲ့မှာ Action Labor Rights၊ မြန်မာနိုင်ငံ အလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM၊ အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ အနာဂတ်အလင်းတန်းဆုံမှတ်၊ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ဒို့မျိုးဆက် စတဲ့အဖွဲ့ ၁၂ ဖွဲ့က ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်မှာပါ။ ဒီအဖွဲ့ဟာ တိုင်းအစိုးရ၊ လွှတ်တော်နဲ့ ပြည်ထောင်စုဝန်ကြီးတွေကို တွေ့ဆုံတောင်းဆိုတာတွေလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။  

အလုပ်သမားတွေ သံသယရှိနေတဲ့အပေါ် အစိုးရက စုံစမ်းစစ်ဆေးတာတွေ လုပ်ဖို့လိုတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

“ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ဈေးနှုန်းက တရိပ်ရိပ်တတ်လာတာတေ့ွရတယ်၊ တိုင်းပြည်ကထွက်တဲ့ အခြေခံစားသောက်ကုန်တွေကို ထိန်းကြောင်းပေးဖို့ လိုအပ်ပါတယ်၊ အခုချိန်မှာ သက်ရောက်မှုတွေ အများကြီးရှိနေတယ်၊ ဒီလိုအလုပ်ပြုတ်သွားတဲ့အချိန်မှာ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကို ထိန်းချုပ်ပေးဖို့ လိုပါတယ်”

မန္တလေးမြို့က အလုပ်သမား တစ်ထောင်လောက်ကလည်း ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ကုန်ကြမ်းပြတ်လပ် တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံ၊ အလုပ်ရုံ ပိတ်သိမ်းနေတာတွေကို စိစစ်ပေးဖို့ မန္တလေးမြို့မှာ ဒီနေ့မနက် ကပဲ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အလုပ်ရုံတွေ ပိတ်သိမ်းရာမှာ အလုပ်ရှင်၊ အလုပ်သမားပြဿနာတက်နေတဲ့ စက်ရုံတွေပိတ်သိမ်းတာ များနေတာကြောင့် စိစစ်ပေးဖို့ တောင်းဆိုတာလို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင် က ပြောပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြတ်သွားတဲ့ကုန်ကြမ်းတွေကို အခြားနိုင်ငံတွေကနေ သွင်းလို့မရဘူးလား၊ အမှန်တကယ်ကုန်ကြမ်းပြတ်လို့ ပိတ်သွားမယ်ဆိုရင်တောင် စက်ရုံတွေပြန်ဖွင့်တဲ့အခါကျရင် အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေကိုဘဲ ပြန်ခန့်ပေးဖို့ဆိုတဲ့ လုပ်ငန်းစဉ်တွေ ဆွေးနွေးရမှာဖြစ်ပါတယ်၊ လောလောဆယ် ဒါတွေကိုမလုပ်ပဲနဲ့ အလွယ်တကူ လျော်ကြေးပေး ပိတ်တာတွေ တွေ့ရပါတယ်”

နိုင်ငံပေါင်း ၇၀ ကျော်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာကြောင့် မြန်မာနိုင်ငံမှာလည်း နယ်စပ်ကုန်သွယ်ရေး အပါအဝင် အခြားစီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။

ဆန္ဒပြ အလုပ်သမားတွေဟာ လူနေမှုအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ လုပ်ခလစာရရှိဖို့၊ ILO ပြဌာန်းချက် အမှတ် (၉၈) ကို အစိုးရ လက်မှတ်ထိုးပေးဖို့၊ အနည်းဆုံးလုပ်ခလစာကို တစ်နှစ်တစ်ကြိမ် သုံးသပ်ပြင်ဆင်ပေးဖို့၊ အလုပ်သမားတရားရုံး အမြန်ဆုံးပေါ်ပေါက်ဖို့၊ ဘေးအန္တရာယ်ကင်းတဲ့ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းရှင်တွေဖြစ်ဖို့ ဆိုတာတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။  

ကိုရိုနာဂယက်ကြောင့် ရန်ကုန်တိုင်းမှာ စက်ရုံ ၁၆ ရုံ၊ ဧရာဝတီတိုင်းမှာ တစ်ရုံ ပိတ်သိမ်းတာတွေ၊ လုပ်သားအင်အား လျှော့ချတာတွေရှိနေပေမယ့် မန္တလေးမြို့မှာတော့ လတ်တလော မရှိသေးဘူးလို့  အလုပ်သမားအဖွဲ့တွေက ပြောကြပါတယ်။ မြန်မာနိုင်ငံက စက်ရုံအများစုဟာ တရုတ်နိုင်ငံက တင်ပို့တဲ့ ကုန်ကြမ်းတွေကို မှီခိုအားထားနေရတာပါ။

ဒီစက်ရုံတွေဟာ တရုတ်ကတင်ပို့တဲ့ ကုန်ကြမ်းတွေကို မှီခိုနေရတာဖြစ်လို့ ကုန်ကြမ်းပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရသလို ကိုရိုနာကူးစက်ခံရတဲ့နိုင်ငံတွေလည်း များလာတာကြောင့် ဈေးကွက်မရတော့တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက RFA ကို ဖြေကြားထားပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားသူတွေကတော့ အလုပ်ရှင်တွေပေးတဲ့ နစ်နာကြေး၊ လျော်ကြေးတွေကို မလိုချင်ဘဲ အလုပ်တည်မြဲရေးကိုပဲ လိုလားနေကြတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org