သတင်းရယူခွင့် အကန့်အသတ် ရှိနေဆဲလို့ ပြန်ကြားရေး ဝန်ကြီးပြော
2016.11.07

မြန်မာနိုင်ငံမီဒီယာဟာ လွန်ခဲ့တဲ့လေးငါးနှစ်နဲ့နှိုင်းယှဉ်ရင် လွတ်လပ်စွာထုတ်ဖော် ရေးသားခွင့်တွေရှိလာပေမယ့် သတင်းရယူခွင့်မှာတော့ လက်ရှိအချိန်အထိ အကန့်အသတ်တွေရှိနေသေးတယ်လို့ ဒီနေ့ကျင်းပတဲ့ ၅ ကြိမ်မြောက် မီဒီယာညီလာခံမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ကပြောလိုက်ပါတယ်။
ရန်ကုန်မြို့ ချက်ထရီယန် ဟိုတယ်မှာကျင်းပပြုလုပ်တဲ့ ၅ ကြိမ်မြောက် မီဒီယာညီလာခံဖွင့်ပွဲမှာ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လက်ရှိသတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အဲဒီလိုပြောတာပါ။
"ကျနော်တို့ မီဒီယာသည် စောစောက လေးငါးနှစ်နဲ့ နှိုင်းယှဉ်စဉ်းစားမယ်ဆိုရင် ကျနော်တို့ မီဒီယာရဲ့အခြေ အနေဟာ တော်တော်တိုးတတ်ခဲ့ပြီလို့မြင်ပါတယ်၊ မြန်မာမီဒီယာသည် ယနေ့အချိန်ကျမှ လွတ်လပ်သော မီဒီယာတစ်ရပ်အနေနဲ့ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေနိုင်တာလို့ အားလုံးမြင်တယ်လို့ ပြောချင်ပါတယ်၊ လွတ်လပ်တဲ့ အနေထားရှိတယ်ဆိုတဲ့ကြားထဲကပဲ ကျနော်တို့ သတင်းရယူတဲ့နေရာ စသဖြင့် ကဏ္ဍအသီးသီးမှာ အခက်အခဲတွေ အားနည်းချက်တွေ လိုအပ်ချက်တွေ ဒါတွေရှိနေသေးတာကို ငြင်းလိုမရပါဘူး၊ အားလုံး လည်း ပြောဆိုဆွေးနွေးနေတဲ့ကိစ္စဖြစ်ပါတယ်"
သတင်းမီဒီယာသမားတွေအနေနဲ့ မီဒီယာလွတ်လပ်ခွင့်တစ်ခုတည်းပြောဆိုမနေဘဲ လူမျိုးရေး၊ ဘာသာရေးစတဲ့ ထိလွယ်ရှလွယ်ကိစ္စတွေကို ဂရုတစိုက် စိစစ်ရေးသားဖို့၊ သတင်းမီဒီယာကျင့်ဝတ်နဲ့ အညီရေးသားဖို့ကိုလည်း သတိပေးပြောဆိုသွားပါတယ်။
ဒီနေ့ကျင်းပပြုလုပ်တဲ့ မီဒီယာညီလာခံမှာ မီဒီယာဥပဒေတွေကို ပြန်လည် သုံးသပ်ဖို့၊ သတင်းထောက် တွေလုံ ခြုံရေး၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေ ရေရှည်တည်တံ့ရေး၊ လူမှု မီဒီယာတွေရဲ့အသံတွေ ခိုင်မာ အားကောင်းရေး စတဲ့ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီ ၅ ကြိမ်မြောက် မီဒီယာညီလာခံမှာ အခါတိုင်းနှစ်တွေနဲ့မတူဘဲ တပ်မတော်ဘက်က သတင်းထုတ်ပြန်ရေး အဖွဲ့တွေ၊ ပြည်ထောင်စုရှေနေ့ချူပ်ရုံးက တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ကြပါတယ်။