Home သတင်း မီဒီယာဌာန ဖွင့်လှစ်

အနုပညာရှင် ကိုဇာဂနာ ဦးစီးပြီး သတင်း၊ မဂ္ဂဇင်း ဆောင်းပါးတွေပါဝင်တဲ့ ဂျာနယ်ထုတ်ဝေနိုင်ဖို့ နဲ့ မှတ်တမ်းတင် ရုပ်ရှင်သင်တန်းနဲ့ ရိုက်ကူးရေး လုပ်ငန်းတွေ စီစဉ်နိုင်ဖို့အတွက် House of Media and Entertainment ခေါ် Home မီဒီယာစင်တော်ကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။

၂၀၁၂ ခုနှစ် မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် House of Media and Entertainment ဖွင့်လှစ်ပွဲ၌ ကိုဇာဂနာ အမှာစကားပြောကြားနေစဉ်။ RFA

ဗဟန်းမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေး ရုံးခန်းမှာ မေလ ၂၈ ရက်နေ့က အနုပညာရှင်တွေ စုပေါင်းဖွင့်လှစ်ခဲ့တာပါ။

အခမ်းအနားဖွင့်ပွဲမှာ ကိုဇာဂနာ၊ မြန်မာ စာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး အဖွဲ့ဝင် ကိုဇော်သက်ထွေး၊ ဘလော့ဂါ ကိုနေဖုန်းလတ်တို့က အခုဖွင့်လှစ်လိုက်တဲ့ Home မီဒီယာဆုံရပ်ကနေ ပြည်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်ပနိုင်ငံတွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆောင်းပါးတွေ အပါအဝင် မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးရေးအထိ တင်ပြနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အသီးသီး အဖွင့်အမှာ စကားပြောကြပါတယ်။

Home မီဒီယာဖွင့်ပွဲမှာ HIV/AIDS ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးနေတဲ့ NLD လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းကို ကျပ်ငွေ ၁၀ သိန်း လှူဒါန်းခဲ့သလို မင်းဘူး ဦးသြဘာသ စာကြည့်တိုက်အတွက်လည်း ကျပ်ငွေ ၁၀ သိန်း လှူဒါန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org