ကျင့်ဝတ်မညီတဲ့ သတင်း မီဒီယာတွေကို ကန့်ကွက်သွားမယ် လို့ ဝန်ကြီး ပြော

စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတဲ့ သတင်း မီဒီယာတွေကို အများပြည်သူအကျိုးစီပွား အတွက် ကန့်ကွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောလိုက် ပါတယ်။

တတိယအကြိမ်မြောက် သတင်းမီဒီယာ ဆွေးနွေးပွဲမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ဝန်ကြီး ဦးရဲထွဋ်ကို တွေ့ရစဉ် Photo: Myo Zaw Ko/RFA

စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတဲ့ သတင်းမီဒီယာတွေကို အများပြည်သူအကျိုးစီပွားအတွက် ကန့်ကွက်သွား မယ်လို့ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာကျင်းပနေတဲ့ တတိယအကြိမ်မြောက် သတင်းမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲ နောက်ဆုံးနေ့ မှာ ပြန်ကြားရေးဝန်ကြီးဋ္ဌာနဟာ သတင်းမီဒီယာတွေကို ထိန်းချုပ်ဖို့နှိပ်ကွပ်ဖို့ လုပ်နေသလားဆိုတဲ့မေးခွန်း နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဝန်ကြီး ဦးရဲထွဋ် က အဲဒီလို ထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေကို သတင်းမီဒီယာတွေအနေ နဲ့ လိုက်နာကြဖို့ညွှန်ကြားထားသလို ကျင့်ဝတ်နဲ့မညီ တာတွေ တွေ့ရင်တိုင်ကြားနိုင်တယ် လို့လည်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာတွေဟာ အစိုးရကိုအခွန်ပေးဆောင်နေသလို၊ ပုဂ္ဂလိကပိုင် သတင်းမီဒီယာတွေ ထက် အခွင့်အရေးပိုယူတာ မရှိကြောင်းလည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံပိုင်သတင်းမီဒီယာတွေ အပါအဝင် သတင်းမီဒီယာတွေအားလုံး ကိုယ်ကျိုးစီးပွား တစ်ခုတည်းကို အခြေခံပြီး လက်ဝါးကြီးအုပ်သွားမယ့် သတင်းမီဒီယာမျိုး မပေါ်ပေါက်အောင် ထိန်းချုပ်သွားမယ်လို့လည်း ဝန်ကြီး ဦးရဲထွဋ် က ဆိုပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီရဲ့ ရပ်တည်မှုအခြေအနေ၊ မီဒီယာနဲ့ဈေးကွက်၊ မီဒီယာနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ မီဒီယာဥပဒေ စတဲ့ခေါင်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org