မီဒီယာလွတ်လပ်ခွင့် ဆန္ဒပြသူတွေ တောင်းဆို
ရန်ကုန်မြို့မှာ မနေ့က သတင်းသမား ၇ဝ ခန့် ချီတက်ဆန္ဒပြပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ဖမ်းဆီးခံ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြ ပါတယ်။ ဆန္ဒပြသူတွေက လှည်းတန်း ဘူတာကနေ ပြည်လမ်းအတိုင်း အင်းယားကန်ဘောင် အထိ ကြွေးကြော်သံတွေတောင်းဆို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
-
2018-09-01 -
-
-
ရန်ကုန်မြို့မှာ မနေ့က သတင်းသမား ၇ဝ ခန့် ချီတက်ဆန္ဒပြပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ ဖမ်းဆီးခံ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက လှည်းတန်း ဘူတာကနေ ပြည်လမ်းအတိုင်း အင်းယားကန်ဘောင်အထိ ကြွေးကြော်သံတွေတောင်းဆို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
ပါဝင်ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ သတင်းသမား ကာကွယ်စောင့်ရှောက်သူများအဖွဲ့ဝင် ကိုသာလွန်ဇောင်းထက် က
"ဒီအစိုးရက ဒီမိုကရေစီ အစိုးရဆိုပေမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးပေါ့။ ဒီစစ်တပ်နဲ့ ရင်ကြားစေ့ရေးကိုပဲ အဓိကထားနေပြီးတော့ စစ်တပ်က စိတ်ငြိုငြင်မှာ စစ်တပ်ကစိတ်ထဲမှာ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်ပြီးတော့ ဒီလို မျိုးအုပ်ချုပ်နေတယ်လို့ ကျနော်တို့ မြင်ရတယ်။ အဲတော့ စစ်တပ်နဲ့ ရင်ကြားစေ့ရေးကို ဦးစားပေးတဲ့ အတွက်ကြောင့်မို့ ဒီမိုကရေစီ အင်အားစုတွေနဲ့ သူတို့ဝေးလာတယ်။ သတင်းမီဒီယာတွေဆိုတာ တစ်ချိန်တုန်းက NLD ပါတီရဲ့ အင်မတန်မှ ကောင်းတဲ့ဆက်ဆံရေး ရှိတယ်။ ဒါပေမဲ့ အခုချိန်ကတော့ ရန်သူတွေလိုဖြစ်လာပြီ။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်နဲ့ပဲ ပြေလည်ရေးကို ဦးစားပေးပြီးတော့ တစ်ဖက်ကလူတွေကို အလေးမထားတဲ့အတွက်ကြောင့် အခုလို အခြေအနေမျိုးတွေ ဖြစ်လာတာပါ" လို့ ပြောပါတယ်။
အဲဒီ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင် က ဘယ်သူ့ဖက်မှာပဲ ခင်ဗျား ရပ်တည်သည်ဖြစ်စေ သတင်းမီဒီယာ လွတ်လပ်ခွင့် ရရှိဖို့ အရေးကြီးပါတယ်။ လက်ရှိအခြေအနေမှာ အဲဒီ လွတ်လပ်ခွင့်ကို ကျနော်တို့ ရရှိနေတယ်လို့ ခင်ဗျား ပြောနိုင်ပါတယ်။ ဒါပေမဲ့ အခုထက် ပိုမိုကောင်းမွန်အောင် ကျနော်တို့ လုပ်နိုင်တာတွေလည်း ရှိနိုင်ပါတယ်လို့ ရိုက်တာ သတင်းဌာနကို ပြောကြောင်း သိရပါတယ်။
အစိုးရလုံခြုံရေး အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ အမှုကို တနင်္လာနေ့မှာ တရားရုံးက စီရင်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။