ကျန်းမာရေးဝန်ထမ်းတွေ တိုက်ခိုက်ခံရမှု အရေးယူဖို့ တိုက်တွန်း

စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်တာ ကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတ ဆေးခန်းတွေ အကြိမ် ၄၀၀ ကျော် တိုက်ခိုက်ခံခဲ့ရတာဟာ စစ်ရာဇဝတ်မှု မြောက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူပေးဖို့ လူ့အခွင့်အရေး သမားတွေက တိုက်တွန်းနေကြပါတယ်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ သမားတော်များအဖွဲ့ (PHR) ရဲ့ အခုနှစ် ဇန်နဝါရီ ၂၆ ရက် ထုတ်ပြန်ချက်မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဇန်နဝါရီ ၁၀ ရက်အထိ စစ်ကောင်စီတပ်တွေက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ ဆေးပေးခန်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေအပေါ် ၄၁၅ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုတိုက်ခိုက်လို့ ကျန်းမာရေးဝန်ထမ်း အယောက် ၃၀ သေဆုံးပြီး ၂၈၆ ယောက် ဖမ်းဆီး ခံထားရသလို ဆေးရုံဆေးပေးခန်းနဲ့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်း တွေလည်း ၁၂၈ ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့ PHR အဖွဲ့က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဒီလုပ်ရပ် တွေဟာ ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်တွေကို ချိုးဖောက်တာဖြစ်လို့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ RFA ကို ပြောပါတယ်။
“ကျန်းမာရေးဝန်ထမ်းတွေကို ဘယ်လို အခြေအနေမျိုးမှာမဆို ကာကွယ်ပေးရမှာပါ။ အထူးသဖြင့် လက်နက်ကိုင်စစ်ပွဲ ကာလအတွင်းမှာဆိုရင် ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းလည်း မရှိရဘူး။ လူသားချင်းစာနာမှု အကူအညီတွေကို လည်း မဖြတ်တောက်ရဘူးလို့ ဂျနီဗာကွန်ဗင်းရှင်းမှာ အတိအကျ ဖော်ပြထားပါတယ်။ အဲတော့ အခုလိုမျိုး သတ်ဖြတ်မှုတွေဟာ တကယ်ဆိုးဝါးတဲ့ နိုင်ငံတကာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေ ကျူးလွန်တာပဲဖြစ်ပါတယ်”
၁၉၄၉ ခုနှစ် ဂျီနီဗာသဘောတူညီချက် အပိုဒ် ၂၄ မှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အထူးသဖြင့် ဒဏ်ရာရသူတွေ၊ နာမကျန်း ဖြစ်နေသူတွေကို သယ်ယူပို့ဆောင်ပေးတာနဲ့ ကုသပေးတာတွေကို လုပ်ဆောင်သူတွေ၊ ရောဂါကာကွယ် တားဆီးရေးမှာ ပါဝင်နေသူ တွေကို ဘယ်အခြေအနေမှာ မဆို အကာအကွယ်ပေးရမယ်လို့ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုနစ်ကီဒိုင်းမွန်းကလည်း စစ်တပ်ရဲ့ ကျူးလွန်မှု တွေဟာ ဂျီနီဗာသဘော တူညီချက်အပြင် ၂၀၁၆ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် -၂၂၈၆ ကိုပါ ချိုးဖောက်တာဖြစ်လို့ လုံခြုံရေး ကောင်စီကနေ အရေးယူသင့်တယ်လို့ပြောပါတယ်။
“ကျန်းမာရေးဝန်ထမ်းတွေ၊ မြေပြင်မှာရှိတဲ့ ကြက်ခြေနီတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်နေတာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် - ၂၂၈၆ ကို ပေါ်ပေါ်တင်တင် ကျူးလွန်တာဖြစ်လို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်နေတာ ဖြစ်တဲ့အတွက် ဒါမျိုးကို လုံခြုံရေးကောင်စီကနေ အရေးယူ သင့်တယ်လို့ ကျနော် မြင်တယ်”
၂၀၁၆ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် - ၂၂၈၆ မှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ ဆေးရုံတွေနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေအပေါ် တိုက်ခိုက်တာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး ဘယ်သူ့ကိုမှ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် မပေးရဘဲ တရားမျှတမှု ရရှိဖို့ လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
"ကျနော်တို့ကို အငြိုးနဲ့ ရက်ရက်စက်စက် တုံ့ပြန်နေတာ"
ဖေဖော်ဝါရီ ၂ ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေက စတင်လိုက်တဲ့ CDM လှုပ်ရှားမှုဟာ စစ်တပ်ကို အကြီးအကျယ် ထိုးနှက်နိုင်ခဲ့တာကြောင့် အခုလို အငြိုးတကြီးနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ Myanmar Doctors For Human Rights Network အဖွဲ့ဝင် ဒေါက်တာ လွမ်းဝေ က RFA ကို ပြောပါတယ်။
“ကျနော်တို့ကို အငြိုးနဲ့ ရက်ရက်စက်စက် တုံ့ပြန်နေတာကို ကျနော်တို့ သတိထားမိ ပါတယ်။ ကျနော်တို့ ဆရာဝန်တွေကို မတရားဖမ်းဆီးတယ်။ ၅၀၅ (က) တွေ ထုတ်တယ်။ ဆရာဝန်ပေါင်းများစွာပါတယ်။ အထင်ကရ ဆရာဝန်ပေါင်းများစွာလည်း သေဆုံးခဲ့ရတယ်။ အသက်ပေးခဲ့ရတယ်။ ဒါ့အပြင် ကျနော်တို့ အပြင်မှာ ပရဟိတ ဆေးကုပေးတယ်။ ဒါတွေကို လာပြီးဖမ်းဆီးတယ်၊ ဆေးတွေသိမ်းသွားတယ်။ ပြီးရင် ဆရာဝန်တွေကို ဖမ်းခေါ်သွားတယ်။ ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသား တွေကို သူတို့အသက်ရှူချောင်ဖို့ ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးနေတဲ့အချိန်မှာတောင် ဆရာဝန်တွေ ပါမလာခဲ့ပါဘူး”

ဒေါက်တာလွမ်းဝေဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ CDM လုပ်ပြီး ရန်ကုန်မြို့ပေါ်မှာ ဆန္ဒပြပွဲတွေ ပြင်းထန်နေချိန် သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ စမ်းချောင်းမြို့နယ် ညောင်တုန်းလမ်းမှာ ပရဟိတဆေးခန်းဖွင့်ပြီး ဆန္ဒပြမှုကြောင့် ဒဏ်ရာရခဲ့သူတွေကို ဆေးကုပေးခဲ့သူဖြစ်ပါတယ်။
အဲဒီဆေးခန်းကို ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ စစ်တပ်က လာရောက်ဖျက်ဆီးခဲ့ပြီး ဆရာဝန် သုံးဦးနဲ့ သူနာပြုဆရာမ တစ်ဦးကို ဖမ်းဆီးသွားပါတယ်။ အဲဒီ ကျန်းမာရေးဝန်ထမ်း လေးယောက်စလုံး ခုချိန်အထိ ပြန်မလွတ်သေးဘူးလို့ ဒေါက်တာလွမ်းဝေက ပြောပါတယ်။
ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီဘက်က ပစ်မှတ်ထား တိုက်ခိုက်နေတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီသီတင်းပတ်အတွင်း အကြိမ်ကြိမ်ခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဖိနှိပ်မှုတွေ ဘယ်လောက်ပဲရှိရှိ ပြည်သူတွေ အာဏာပြန်ရမှ လုပ်ငန်းခွင်ပြန်ဝင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကတော့ အပြောင်းအလဲ မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဋ္ဌာန ဒုမြို့နယ် ညွှန်ကြားရေးမှူး အဆင့်ကနေ CDM လုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေါက်တာယုက RFA ကို ပြောပါတယ်။
“သူတို့ကို ဆန့်ကျင်တော်လှန်သူ မှန်သမျှကို ရက်ရက်စက်စက် သူတို့က နှိပ်ကွပ် လေလေ၊ ဖမ်းဆီး သတ်ဖြတ်လေလေ ကျမတို့ရဲ့ နာကြည်းမှုနဲ့ သူတို့ကို လက်မခံ မှုတွေက ပိုပြီးတော့ ကြီးထွားလာလေလေ။ ကျမတို့က သန္နိဋ္ဌာန် ချထားတယ်။ ဒီစစ်ကောင်စီအစိုးရ ပြုတ်ကျရမယ်။ ကျမတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပြန်ပြီးတော့ ရတဲ့တစ်နေ့ကျမှ ကျမတို့အကုန်လုံး အလုပ်ထဲကို ပြန်ဝင်မယ်။ ဒါကျမတို့ CDM ဝန်ထမ်းအကုန်လုံးရဲ့ သန္နိဋ္ဌာန်ပဲ”
ဗြိတိန်နိုင်ငံ စကော့တလန်ဒေသ အယ်ဒင်ဘရာ့ (Edinburgh) မြို့မှာရှိတဲ့ တော်ဝင် ခွဲစိတ်သမားတော်များ ကောလိပ်ကလည်း ပြီးခဲ့တဲ့ တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ မြန်မာနိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေကို အောက်မေ့ သတိရတဲ့ အနေနဲ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း တစ်နှစ်ပြည့်နေ့က ကောလိပ် အဆောက်အအုံကို အနီရောင် မီးလုံးတွေ ထွန်းညှိပြီး ဂုဏ်ပြုခဲ့ပါတယ်။
တော်ဝင်ခွဲစိတ် သမားတော်များကောလိပ် ဥက္ကဋ္ဌ Andrew Goddard က မြန်မာနိုင်ငံက ကျန်းမာရေး ဝန်ထမ်းတွေဟာ အရပ်သားတွေအပေါ် ကျန်းမာရေးစောင့်ရှောက်ပေးဖို့ ကြိုးပမ်းရင်း အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာဟာ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိဘူးလို့ စစ်အာဏာသိမ်း တစ်နှစ်ပြည့်နေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။