မိတ္ထီလာ လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ အပစ်ခံရ
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ မနက်က ရှမ်းတဲ လေတပ်စခန်းကို ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ချိန်ထားပြီး ပစ်ခတ်ဖို့ ပြင်ဆင် ထားရာမှာ ငါးလုံး ပေါက်ကွဲပြီး တစ်လုံးကိုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ မိတ္ထီလာမြို့က မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။
- 2021-04-29
-
-
-
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဒီကနေ့ ဧပြီလ ၂၉ ရက်နေ့ မနက်က ရှမ်းတဲ လေတပ်စခန်းကို ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ချိန်ထားပြီး ပစ်ခတ်ဖို့ပြင်ဆင်ထားရာမှာ ငါးလုံး ပေါက်ကွဲပြီး တစ်လုံးကိုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ မိတ္ထီလာမြို့က မျက်မြင်တွေ့ရှိခဲ့သူတွေက ပြောပါတယ်။
"မနက် ၅ နာရီလောက်ကစပြီး ရေတွင်းဖြူနားမှာ အသံတွေကြားရတာ။ နောက်တစ်ခါ မြို့ထဲမှာ ကြားရတယ်။ နှစ်လုံးမြောက်ပစ်ခတ်ပြီးတဲ့အချိန်မှာ တည်နေရာကို သိသွားတယ်။ ထုတာတော့ ရှမ်းတဲ လေတပ်ကို ထုတာဖြစ်လိမ့်မယ်၊ ကျော်လာပြီး ရွာတွေထဲကျတာ၊ လူမရှိတဲ့နေရာဖြစ်လို့ အထိအခိုက်တော့ မရှိဘူး၊ အခုကတော့ အေးဆေးဖြစ်သွားပါပြီ၊ မြို့မှာ လက်လုပ်ဗုံးတွေနဲ့ ထုတာသာရှိပေမယ့် အခုလို ရှော့တိုက်ဒုံးနဲ့ ထုတာတော့ မရှိခဲ့ဖူးဘူး" လို့ မိတ္ထီလာမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အခုလို ရှော့တိုက်ဒုံးကို ဘယ်သူတွေက အသုံးပြုသွားတယ်ဆိုတာတော့ ဒေသခံတွေလည်း မသိကြဘူးလို့ ဆိုပါတယ်။
လတ်တလောမှာတော့ မန္တလေးကနေ မိတ္ထီလာကိုဝင်တဲ့ ရှမ်းတဲ အဝင်လမ်းကို စစ်ကောင်စီက ပိတ်ထားတယ် လို့ သိရပါတယ်။