ရိုဟင်ဂျာအရေး ပူးပေါင်းဖြေရှင်းဖို့ လူ့အခွင့်အရေးမဟာမင်းကြီး တိုက်တွန်း

၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ထွက်ပြေးသွားတာ သုံးနှစ်ရှိပြီဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဖြေရှင်းနိုင်တာ မရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။

၂ဝ၁၇ ခုနှစ်က မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြတဲ့ရိုဟင်ဂျာဒုက္ခသည်များ။ Photo: AFP

၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ပြေးသွားတာ သုံးနှစ်ရှိပြီဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဖြေရှင်းနိုင်တာ မရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ စုံစမ်းရေးကော်မရှင်နဲ့ စစ်ခုံရုံးဖွဲ့ စစ်ဆေးတာတွေဟာ နိုင်ငံတကာစံတွေနဲ့ မကိုက်ညီတာကြောင့် နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့အစည်းတွေ၊ စုံစမ်းရေးအဖွဲ့တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။

တပ်မတော်က ကျူးလွန်မှုတွေဟာ မြန်မာအစိုးရမှာ တာဝန်ရှိပေမယ့် အဲဒီအပေါ် အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ အရေးယူတာမရှိသေးပါဘူးလို့ ပြောပါတယ်။

ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်ဟောင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဟာဂျီ ဦးအေးလွင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေအပေါ် အရပ်သားအစိုးရက အရေးယူလို့မရတာ နိုင်ငံတကာအနေနဲ့လည်း သိရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာက လက်ခံလာဖို့ဆိုရင် တပ်မတော်ဘက်က ဝန်ခံထားပြီးသား ကိစ္စရပ်တွေအပေါ်  အရေးယူဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

"ပြည်တွင်းမှာလည်း စုံစမ်းစစ်ဆေးရေးလုပ်တယ်။ တပ်မတော်ကလည်း စုံစမ်းစစ်ဆေးတယ်။ အဲ့ဒီမှာ ဖြစ်ခဲ့တာတွေကို ဝန်ခံထားတာတွေရှိတယ်။ အဲဒီဝန်ခံထားတဲ့အတိုင်း ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာရင် တိုင်းပြည်အတွက် အကျိုးရှိမယ်။ ဒီထက် နိုင်ငံတကာက လက်ခံလာအောင် လက်တွေ့နဲ့ သက်သေပြဖို့လိုမယ်။ နိုင်ငံတကာကလည်းသိမယ်ထင်ပါတယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်နဲ့ပတ်သက်တဲ့ ဥပဒေရေးရာက တပ်မတော်မှာ လုပ်ပိုင်ခွင့်ရှိတာလေ။ အဲဒီတော့ အဲ့ဒီဘက်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။"

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် ရခိုင်၊ ချင်း၊ ဒိုင်းနက်၊ မြို၊ ရိုဟင်ဂျာစတဲ့ ဒေသခံတွေ ဥပဒေမဲ့ ညှဉ်းပန်းသတ်ဖြတ် ဖမ်းဆီးခံနေရတဲ့အတွက် နောက်ထပ် စစ်ရာဇဝတ်မှုတွေ တိုးပွားလာနိုင်တယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ရဲ့ ၂ဝ၁၉ အစီရင်ခံစာအရ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခံရပြီး ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ သုံးနှစ်ရှိပြီဖြစ်ပြီး အဲဒီကိစ္စတွေမှာ မြန်မာအစိုးရက တာဝန်ရှိတယ်လို့ ပြောထားပါတယ်။

ရိုဟင်ဂျာတွေ အရင်ကနေထိုင်သွားခဲ့တဲ့ ရွာတွေကို မြေပုံပေါ်က နာမည်ပယ်ဖျက်တာ၊ မြေယာတွေကို အခြားနည်းနဲ့ ပြောင်းလဲအသုံးပြုတာတွေ ဆောင်ရွက်နေတာကြောင့် ရိုဟင်ဂျာတွေ နေရပ်ပြန်လာတဲ့အခါ အခက်တွေ့နိုင်သလို ၂ဝ၁၇ ခုနှစ် စစ်ဆင်ရေးကာလအတွင်း မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေလည်း ပျောက်ပျက်သွားနိုင်တယ်လို့ FFM က စွပ်စွဲထားပါတယ်။

မြန်မာအစိုးရကတော့ FFM ရဲ့ စွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

မြေပြင်မှာ ဒီလိုဆောင်ရွက်ချက်တွေရှိနေရင်တောင် နေရပ်ပြန်သူတွေ အခက်တွေ့စေဖို့ တမင်ရည်ရွယ်ချက်ထား ဆောင်ရွက်တာမဟုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးချမ်းအေးက ပြောပါတယ်။

"လုပ်ခဲ့တာတွေရှိရင်တောင်မှ တည်ဆောက်ရေးတွေ ရွာတွေကို နာမည်ပြောင်းတာတွေ လုပ်ခဲ့တာရှိရင်တောင် သူတို့ပြောတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူး။ သက်သေတွေဖျောက်ဖို့တို့ သူတို့ပြန်မလာအောင် တမင်ရည်ရွယ်ချက်နဲ့ လုပ်တာတော့ မဟုတ်ပါဘူး။"

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီး မစ်ရှဲလ် ဘက်ချလက်က မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေ ဂုဏ်ရှိရှိနဲ့ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေးအတွက် လိုလားပါတယ်လို့ ထပ်တလဲလဲ ပြောကြားခဲ့တာကို လက်တွေ့အကောင်အထည်ဖော်ဖို့ လိုပါတယ်လို့လည်း လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးသာအေးကတော့ လူ့အခွင့်အရေးကော်မရှင် မင်းကြီးတိုက်တွန်းချက်ဟာ လက်တွေ့မြေပြင်မှာ ဖြစ်နေတာတွေနဲ့ ကိုက်ညီမှုရှိသလို တရားမျှတမှုရှိတဲ့အတွက် ထောက်ခံတယ်လို့ ပြောပါတယ်။

“ကုလသမဂ္ဂမဟာမင်းကြီး ပြောသွားတာက လက်တွေ့မြေပြင်မှာ ဖြစ်နေတာနဲ့ ကိုက်ညီတာပေါ့နော်။ စာရွက်စာတမ်းပေါ်မှာ အပြောင်းအလဲတွေ ရှိပေမယ့် မြေပြင်မှာတော့ ဘာမှပြောင်းလဲမှု မရှိဘူး။ ကုလသမဂ္ဂမဟာမင်းကြီး တောင်းဆိုတာက တရားမျှတမှုရှိလို့ ကျနော်တို့က ထောက်ခံတယ်။ အခုမြေပြင်မှာဖြစ်တာက တပ်မတော်နဲ့ ပြည်သူတွေ ပါနေတဲ့ကိစ္စဖြစ်တာကြောင့် လွတ်လပ်တဲ့ တရားရုံးက ဆုံးဖြတ်ဖို့လိုတယ်။”

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မသဉ္ဇာရွန်းလဲ့ရည်က မြန်မာပြည်မှာ နာမည်ကိုတောင် အသိအမှတ်ပြုမခံရတဲ့ ရိုဟင်ဂျာတွေဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ နေရပ်ပြန်နေထိုင်နိုင်ဖို့ဆိုတာကို အစိုးရက လုပ်ပေးနိုင်မလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

"ကချင်တွေ ရှမ်းတွေ နေရပ်ပြန်မယ့်ကိစ္စကို ကြည့်လို့ရပါတယ်။ သူတို့တွေအခုထိ နေရပ်ပြန်ဖို့ မလွယ်သေးပါဘူး။ အာမခံချက်မပေးနိုင်ဘူး။ လူ့ဂုဏ်သိက္ခာနဲ့အညီ အာမခံချက် ပြန်ရောက်ရင် လူအဖြစ် စားသောက်နေထိုင်ဖို့ အဆင်ပြေပါ့မလား၊ စိုးရိမ်ချက်အများကြီးရှိတယ်။ ထပ်ပြီးမဖြစ်ပါဘူးဆိုတဲ့ အာမခံချက် ဘယ်လိုပေးမှာလဲ။ အခု ကချင်တွေမေးနေကြပြီ၊ ရှမ်းတွေမေးနေကြပြီ၊ အခုရခိုင်တွေ ဖြစ်လာပြီ၊ သိန်းနဲ့ချီထွက်ပြေးနေရတယ်။ ရိုဟင်ဂျာတွေဆိုရင်တော့ ပြောမနေပါနဲ့တော့။ ပြည်တွင်းထဲ ပြန်ဝင်လာရင် တစ်နိုင်ငံလုံးက မုန်းခံရဖို့ သွပ်သွင်းခံထားရတော့ သူတို့ကို ဘယ်လိုနည်းနဲ့ အကာအကွယ်ပေးမှာလဲ၊ အစိုးရကရော သူတို့ကို မမုန်းတာ သေချာလား ကိုယ့်ကို နာမည်တောင် အသိအမှတ်မပြုတဲ့ အစိုးရတစ်ရပ်ကို ဘယ်လိုနည်းနဲ့ ယုံကြည်မလဲဆိုတဲ့ စဉ်းစားချက်တွေ အများကြီးဖြစ်စေတယ်။"

လက်ရှိအစိုးရဟာ ရိုဟင်ဂျာအရေးကို ဖြေရှင်းဆောင်ရွက်နေတဲ့ ပုံစံ မှားယွင်းနေတယ်လို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဝေဖန်လိုက်ပါတယ်။

"ရည်ရွယ်ချက်ရှိရှိနဲ့ထွက်ပြေးတယ်။ ပြီးတော့ မြန်မာစစ်တပ်ကို အပုတ်ချတယ် မြန်မာနိုင်ငံကို အပုတ်ချတယ်။ ပြီးတော့ နိုင်ငံတကာ ဖိအားတွေနဲ့ ဒီလူတွေကို ပြန်လက်ခံရမယ်။ မြေပြင်အဖြစ်မှန်ကို ကမ္ဘာကသိအောင်ပြောပြရမယ်၊ ပြင်းပြင်းထန်ထန်ပြောရမယ်။ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံပျောက်မှာကို ဖိအားပေးတာကို ပျော့လို့မရဘူး ပြင်းပြင်းထန်ထန် ပြောရမယ်။ ဝေါလ်ထရိတ်စင်တာကို လေယာဉ်ပျံနဲ့ တိုက်တော့ အမေရိကန် သူတို့နိုင်ငံသားတွေ သေကုန်တော့ လူ့အခွင့်အရေးဆိုတာ ဘယ်နားရောက်သွားလဲ၊ အာဖကန်နစ္စတန်ကို ဗုံးကျဲပြီး ခေါင်းဆောင်တွေကို အကုန်သတ်ပစ်တာပဲ၊ ဘယ်မှာလဲ လူ့အခွင့်အရေး။ သူတို့ဘက်က မရိုးသားဘဲ ကျွန်တော်တို့နိုင်ငံကို ချယ်လှယ်ပြီး ပူးပေါင်းခိုင်းတယ် ဘယ်လိုပူးပေါင်းမှာလဲ။"

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှု လူမျိုးတုံး သတ်ဖြတ်ခံရမှု စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ ခုံရုံး ICJ မှာ ရုံးတင် စစ်ဆေးခံနေရတာဖြစ်ပြီး ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းဖို့ ဖေဖော်ဝါရီလက ကြားဖြတ်အမိန့် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်လူမျိုးစုတွေအပေါ်  သတ်ဖြတ်တာ၊ စိတ်ရောကိုယ်ပါ အန္တရာယ်ကျရောက်အောင် လုပ်ဆောင်တာ အပါအဝင်၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်စေတဲ့ လုပ်ဆောင်ချက်အားလုံးကို အစွမ်းကုန် ကာကွယ်တားဆီးပေးဖို့၊ စစ်တပ် (ဒါမှမဟုတ်) ပုံမှန်မဟုတ်တဲ့ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် ပူးပေါင်းကြံစည်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့အတွက် သွေးထိုးလှုံ့ဆော်မှု စတာတွေ ကျုးလွန်မှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ဖို့၊ လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နေရာဒေသတွေက သက်သေအထောက်အထား အားလုံးကို ဖျက်ဆီးဖျောက်ဖျက်မှုမရှိအောင် မူလအတိုင်း ကာကွယ်ထိန်းသိမ်းထားဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဲဒီအမိန့်ချမှတ်တဲ့နေ့ကစပြီး လေးလအကြာမှာ မြန်မာအစိုးရဘက်က ဆောင်ရွက်ချက်တွေကို တရားရုံးတော်ကို တင်ပြအစီရင်ခံပြီး၊ အဲဒီနောက် ခြောက်လတစ်ကြိမ် ပုံမှန်တင်ပြဖို့ကို ဆုံးဖြတ်ထားရာမှာ ပထမအကြိမ် အစီရင်ခံစာကို မေလက တင်သွင်းထားခဲ့ပြီး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org