ရွှေ့ပြောင်းလုပ်သားကူညီရေးဌာန စစ်တွေမှာဖွင့်
ပြည်ပနိုင်ငံတွေမှာ တရားဝင် သွားရောက် အလုပ်လုပ်ကြသူတွေကို အကူအညီပေး နိုင်ဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေးဗဟိုဌာနတစ်ခုကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ဒီနေ့ စတင် ဖွင့်လှစ်လိုက်ပါတယ်။
-
2016-07-29 -
-
-
ပြည်ပနိုင်ငံတွေမှာ တရားဝင် သွားရောက်အလုပ်လုပ်ကြသူတွေကို အကူအညီပေးနိုင်ဖို့အတွက် ရွှေ့ပြောင်း အလုပ်သမားများ ထောက်ပံ့ကူညီရေးဗဟိုဌာနတစ်ခုကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ဒီနေ့ စတင်ဖွင့်လှစ်လိုက် ပါတယ်။
ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်လိုသူတွေကို အကူအညီတွေ ပေးသွားမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။
"ဌာနရဲ့အဓိကရည်ရွယ်ချက်က ပြည်ပကိုသွားချင်တဲ့လူငယ်တွေ ဘယ်လိုသွားရတာလဲ၊ ဘယ်လို လမ်းကြောင်းတွေ ရှိသလဲနော်၊ တရားဝင်လုံခြုံစိတ်ချရတဲ့ ပြည်ပမှာသွားရောက်လုပ်ကိုင်နိုင်ဖို့ကို ဒီဌာနကနေပြီးတော့ သတင်းအချက်အလက်တွေပေးမှာပေါ့၊ ဒါက ၁ အချက်ပေါ့နော်၊ ၂ အချက်က ဘာကြောင့်ဖွင့်လဲဆိုတော့ ပြည်ပမှာတချို့က နဂိုကတည်းက ရောက်နှင့်ပြီးသားတွေ၊ မိသားစုတွေနဲ့ အဆက်အသွယ်တွေပြတ်နေတယ်၊ ပြတ်နေတဲ့အခါကျရင် ကိုယ့်ဘာသာမိသားစုတွေကို ဘယ်မှာရောက်နေ ပါတယ် ဒါလေးကို ကူညီစုံစမ်းပေးပါလို့ပြောလာရင် တချို့နိုင်ငံတွေမှာ အလုပ်သမားသံအရာရှိတွေရှိတယ်၊ မရှိရင် သံရုံးတွေရှိတယ်၊ နောက် လူမှုအဖွဲ့အဖွဲ့အစည်းတွေရှိတယ်၊ ဒါတွေကတဆင့် ကူညီဆောင် ရွက်ပေးနိုင်ဖို့ဖြစ်ပါတယ်"
ဒါ့အပြင် ပြည်ပကနေ မိမိဒေသအသီးသီးကို ပြန်လည်ရောက်ရှိလာသူတွေအနေနဲ့လည်း ဒေသတွင်းမှာ မိမိတို့ကျွမ်းကျင်တဲ့ပညာတွေနဲ့ အလုပ်လုပ်ကိုင်လိုတယ်ဆိုရင်လည်း အကူအညီတွေပေးသွာ မယ်လို့ ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေးဗဟိုဌာနဟာ ပြည်ပမှာ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေသူတွေအတွက် အကျုံးဝင်မှာမဟုတ်ဘဲ တရားဝင်ဗီဇာနဲ့ သွားရောက်အလုပ် လုပ်ကိုင်လိုသူတွေ အတွက်ကိုသာ ကူညီဆောင်ရွက်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေးဗဟိုဌာနတွေကို မွန်၊ ကရင်၊ ဧရာဝတီ၊ ရှမ်း၊ မန္တလေး၊ မကွေး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက နေရာ ၁၂ ခုမှာ ဖွင့်လှစ်ထားပြီး မကြာခင် ချင်းပြည်နယ် မှာလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပရွှေ့ပြောင်းအလုပ်သမားဦးရေဟာ ၅ သန်းကျော်လောက်ရှိနေပြီး ရခိုင်ပြည်နယ်မှာ လူဦးရေ ၁ သိန်းကျော်လောက် ရှိတယ်လို့လည်း ပြောပါတယ်။