မကွေး ဆောမြို့နယ်မှာ PDF ကို စစ်တပ် လေကြောင်းသုံးတိုက်ခိုက်

မကွေးတိုင်း ဆောမြို့နယ် တောမရွာအနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီနဲ့ ဒေသခံ တပ်ပေါင်းစုအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက် ခဲ့တယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

၂၀၂၁ နိုဝင်ဘာ ၁၉ ရက်နေ့က လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ ဆောမြို့နယ်မှာ စစ်ကောင်စီတပ် အသုံးပြုတိုက်ခိုက်တဲ့ စစ်လေယာဥ်တွေကို တွေ့ရစဥ် Photo: CJ

မကွေးတိုင်း ဆောမြို့နယ် တောမရွာအနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီနဲ့ ဒေသခံ တပ်ပေါင်းစုအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက် ခဲ့တယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

ဆောမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုကို ဒီနေ့လုပ်ဆောင်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။

“ဆောမြို့နယ်ထဲက တောမရွာက ကန်ပက်လက်နဲ့ မင်းတပ်မြို့နယ်အစပ်မှာရှိတယ်။ စစ်ကောင်စီက ဒီဘက်ကို စစ်ကြောင်းထိုးနေတာ ငါးရက်လောက်ရှိပြီ။ ဒေသခံတွေနဲ့လည်း တိုက်ပွဲတွေက ဆက်တိုက် ဖြစ်နေပြီးတော့ ဒီကနေ့မှာတော့ သူတို့ဘက်က ရဟတ်ယာဉ်ပါသုံးလာတာပေါ့။ ဒီကနေ့တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့တော့ အကြမ်းဖျင်းသိထားရပြီးတော့ ပြည်သူလား၊ ကာကွယ်ရေး တပ်ဖွဲ့ဘက်ကလား ဆိုတာတော့ မသိရသေးဘူး။ အခုကတော့ ရဟတ်ယာဉ်က ကျောက်ထုစခန်းကမှာ ရပ်သွားတော့ အခုကတော့ ခဏနားနေတယ်။ သူတို့ဘက်က ပြန်စရင်တော့ ပြန်တိုက်ကြမှာပေါ့"

ဒီနေ့ လေကြောင်းသုံးတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ အကြောင်းမပြန်သေးပါဘူး။

ဆောမြို့နယ်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အင်အား ၁၀၀ ကျော်လောက်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး ဒေသခံတွေကတော့ စစ်သားတွေရောက်လာရင် ရှောင်တိမ်းကြတာရှိပေမဲ့ မရှိတော့ရင်တော့ နေအိမ်တွေကို ပြန်သွားကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဆောမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ ဆော၊ ထီးလင်း၊ မင်းတပ်၊ ကန်ပက်လက် တို့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး စစ်ကောင်စီကို ပြန်လည်ခုခံနေတာဖြစ်တယ်လို့ ဒေသခံအဖွဲ့ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ထီးလင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ အရပ်သားနှစ်ဦး သတ်ဖြတ် ခံခဲ့ရပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ တိုက်ပွဲမှာတော့ ထီးလင်း၊ မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့က ၁၆ ယောက် သေဆုံးခဲ့ပြီး စစ်ဘေးဒုက္ခသည်သုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကလည်း ၁၀ ယောက်လောက် သေဆုံးခဲ့တယ်လို့ ယောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org