လွိုင်ကော်တိုက်ပွဲကြောင့် ကက်သလစ်ဘုရားကျောင်း ထိခိုက်ပျက်စီး

ကယားပြည်နယ်၊ လွိုင်ကော်မြို့က အကျဉ်းထောင်အနီးမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် ထောင်စောင့်သုံးဦး ထိခိုက်ဒဏ်ရာရပြီး ဒေါဥခူရပ်ကွက်ထဲက ကက်သလစ်ဘုရားကျောင်းလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် (KNDF-B02) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်လေယာဥ်နဲ့ တိုက်ခိုက်တာကြောင့် လွိုင်​ကော်မြို့ ဒေါဥခူကက်သလစ်ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့စဥ် Photo: Citizen Journalist
ကယားပြည်နယ်၊ လွိုင်ကော်မြို့က အကျဉ်းထောင်အနီးမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွား တာကြောင့် ထောင်စောင့်သုံးဦး ထိခိုက်ဒဏ်ရာရပြီး ဒေါဥခူရပ်ကွက်ထဲက ကက်သလစ်ဘုရားကျောင်းလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF-B02) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
“ဘုရားကျောင်းကတော့ ကြီးကြီးမားမား ထိခိုက်တာတော့ မဟုတ်ဘူး၊ ထောင်ဖောက်ခံရတယ်ဆိုတာ ကလည်း ကြီးကြီးမားမားမဟုတ်ဘူး၊ ဒါပေမဲ့ ထောင်စောင့်သုံးယောက် ဒဏ်ရာရတယ်ဆိုတာကတော့ သတင်းအတိအကျရထားတယ်၊ မနေ့က ထောင်ကိုပစ်တဲ့ကိစ္စပေါ့”
 
ကယားပြည်နယ်ထဲမှာ ဗုံးနဲ့ လက်နက်ကြီးကျည်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဘာသာရေးအဆောက်အအုံ ခုနစ်လုံးအထိ ရှိနေပြီဖြစ်ပါတယ်။
 
ဒေါဥခူရပ်ကွက် အကျဉ်းထောင်ဘေးပတ်လည်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-PDF)၊ KNDF ၊ GZ 21 ပူးပေါင်တပ်တွေ မနေ့က ဝင်ရောက်တိုက်ခိုက် ခဲ့တာလို့ ဒီးမော့ဆိုကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
 
နေ့လယ်ပိုင်း ၁ နာရီအကြာတိုက်ပွဲဖြစ်ပြီး ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့လည်း (KNDF-B02) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
“သူတို့ ဟတ်စကီးက ၅၄ တပ်ကနေထွက်လာပြီးတော့ နေပြည်တော်ဘက် ပြန်မယ်ထင်တယ်၊ ပြန်ဖို့အရေးကို ကျနော်တို့ကို နည်းနည်းပါးပါး လာပစ်ချသွားတာ၊ ဒီအတိုင်းပစ်သွားပြီး ပြန်သွားတယ်၊ ဒေါဥခူမှာလည်း ပစ်သွားတယ်”
 
KNPP အဖွဲ့နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက လွိုင်ကော်အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသား/သူ တွေ ထိခိုက်ဒဏ်ရာရအောင် ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆုတ်ခွာရာလမ်း ကြောင်းတလျှောက် လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီတပ်ဘက်က မနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
 
အဲဒီအဖွဲ့တွေက မှုံပြာရွာ၊ ဘာဒိုရွာ၊ ဘုရားဖြူရွာတွေဘက်မှာ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းလာ တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေပါ ပစ်ခတ်ခဲ့ရတယ်လို့ လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
ဇန်နဝါရီလ ၆ ရက်နေ့ကနေ ၁၂ နေ့အတွင်း ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က တိုက်လေ ယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်နေတာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org