KNU တပ်မဟာ ၅ နယ်မြေကို လေကြောင်းတိုက်ခိုက် ဒေသခံတစ်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို ဇန်နဝါရီလ ၁၃ ရက် ဒီနေ့ မနက် အစောပိုင်း ၂ နာရီကျော်ခန့်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက RFA ကို ပြောပါတယ်။

KNLA တပ်မဟာ ၅ နယ်မြေကို ၂၀၂၂ ဇန်နဝါရီ ၁၃ ရက်နေ့က စစ်လေယာဥ်နဲ့ ပစ်ခတ်တာကြောင့် အပျက်အစီးတွေကို တွေ့ရစဥ် Photo: Citizen Journalist

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို ဇန်နဝါရီလ ၁၃ ရက် ဒီနေ့ မနက် အစောပိုင်း ၂ နာရီကျော်ခန့်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက RFA ကိုပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ရွှေညောင်ပင်ရွာမှာရှိတဲ့ ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက် ဒဏ်ရာရသလို ဒေသခံတွေလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို က ဆိုပါတယ်။

“ဂျက်လေယာဉ် နှစ်စီးနဲ့ လာပစ်တာပါ၊ အပေါ်ကနေ မဲမဲမြင်ရာပစ်သွားတယ်၊ အခုဘယ်လိုဖြစ်နေလဲ ဆိုတော့ တိုက်ပွဲဖြစ်နေတယ်ဆိုရင် လေယာဉ်တွေရော လက်နက်ကြီးတွေနဲ့ရော မဲမဲမြင်ရာထုတယ်၊ လေယာဉ်တွေလည်း တပ်စခန်းကို မပစ်ဘဲနဲ့ ရွာတွေကိုပဲ ပစ်တယ်၊ အဲတော့ ဒေသခံတွေ ဒုက္ခရောက် ရတာပေါ့”

ဒီနေ့မနက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွှေညောင်ပင်ရွာက လူနေအိမ် ငါးလုံး ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့တပ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

တပ်မဟာ ၅ နယ်မြေထဲကို အခုလအတွင်း စစ်ကောင်စီရဲ့ လေကြာင်းတိုက်ခိုက်မှု သုံးကြိမ်ရှိခဲ့ပြီး ဆေးရုံတွေနဲ့ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့လည်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို က ပြောပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကရင်ပြည်နယ်အတွင်းက မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင် စီတပ်နဲ့ KNU တို့ကြား တိုက်ပွဲပေါင်း ၂၆၉၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒေသခံ ၅၀၀၀၀ လောက် ထွက်ပြေးနေရတယ် လို့ KNU ရဲ့ ၂၀၂၁ ခုနှစ် တိုက်ပွဲ အနှစ်ချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org