လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်ပတ်အတွင်း အရပ်သား ကိုးဆယ်ကျော် သေဆုံး

RFA ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုကြောင့် မတ်လ ပထမနှစ်ပတ်အတွင်း အရပ်သား ၉၂ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ရွာ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့စဉ်။ နွားထိုးကြီး-Journal Photo

RFA ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုကြောင့် မတ်လ ပထမနှစ်ပတ်အတွင်း အရပ်သား ၉၂ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီအထဲမှာ မန္တလေးတိုင်းက အရပ်သားသေဆုံးသူ ၄၂ ဦးနဲ့ အများဆုံးဖြစ်ပြီး ၅၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာလည်း သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

မတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေထဲမှာ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပံလှရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုဟာ အရပ်သားထိခိုက်မှု အများဆုံးဖြစ်တယ်။ အဲဒီဖြစ်ရပ်မှာ အရပ်သား ၂၇ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကိုပြောပါတယ်။

“အကြောင်းမဲ့သက်သက် ပြည်သူကို ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။ လက်ပံလှစျေးအနီး စျေးရောင်းစျေးဝယ်တွေ စည်ကားတဲ့ စျေးဆိုင်တန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်”

မတ် ၁၆ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က စိန်ရတနာ ဘုန်းကြီးကျောင်းနဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် စဥ့်ကိုင်မြောက်ရွာတို့ ဗုံးကြဲခံရပြီး နှစ်နေရာပေါင်းမှာ သံဃာတော်တွေ အပါအဝင် ၁၈ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ် မတ် ၁၆ ရက်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၃၅၀၅ ဦး ရှိခဲ့ပြီး ၄၉၉၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org