အာဏာသိမ်း နှစ်နှစ်အတွင်း KNU နယ်မြေမှာ တိုက်ပွဲပေါင်း ၇၅၀၀ ကျော် ဖြစ်ပွား

KNU အုပ်ချုပ်တဲ့ တပ်မဟာတွေမှာ အာဏာစသိမ်း ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ထိ တိုက်ပွဲပေါင်း ၇၅၈၇ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် သထုံမြို့နယ် တောင်ကလေးကျေးရွာမှ လူနေအိမ်အား ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်။ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ကရင်အမျိုးသား အစည်းအရုံး (KNU) အုပ်ချုပ်တဲ့ တပ်မဟာတွေမှာ အာဏာစသိမ်း ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ထိ တိုက်ပွဲပေါင်း ၇,၅၈၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဧပြီ ၅ ရက် မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီနှစ်နှစ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၂၃၀ ကြိမ် ပြုလုပ်ခဲ့သလို လူနေအိမ် ၁၈၃ လုံး ပျက်စီးပြီး ဒေသခံ ၂၂ ဦး သေဆုံးခဲ့ကာ ၃၆၅,၁၈၇ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

ပြည်သူလူထု အပေါ် ပစ်မှတ်ထားနေတဲ့ ဒီတိုက်ခိုက်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုဖြစ်တာကြောင့် တရားမျှတမှုအတွက် စစ်ကောင်စီ တပ်တွေအနေနဲ့ တာဝန်ခံစေရမယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်က ဖြတ်လေးဖြတ် နည်းဗျူဟာကို အသုံးပြုပြီး ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေကိုပါမကျန် တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒေသခံတွေအပေါ် အကြောင်းမဲ့ ဖမ်းဆီးတာ၊ အတင်းအဓမ္မ ခိုင်းစေတာ၊ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစား ၁၉ မျိုးကို ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော် အနေနဲ့ ဘယ်လိုနည်းနဲ့မှ အရပ်သားတွေအပေါ် ထိခိုက်အောင် လုပ်စရာအကြောင်း မရှိဘူးလို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အစီရင်ခံစာမှာတော့ ကုလသမဂ္ဂအဖွဲ့အစည်း၊ နိုင်ငံတကာ အစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တားဆီးကာကွယ်ပေးဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေထားရှိဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org