လွိုင်ကော်မှာ လက်နက်ကြီးကျည်ကြောင့် တစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ

ကယားပြည်နယ် လွိုင်ကော်မြို့မှာ အောက်တိုဘာလ ၆ ရက် မနေ့ညက စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည် ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တာ ကြောင့် လူတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်မှာ လက်နက်ကြီးကျည်ကြောင့် ပျက်စီးသွားတဲ့ အိမ်ကို ၂၀၂၁ အောက်တိုဘာ ၇ ရက်နေ့က တွေ့ရစဉ် Photo: Progressive Karenni People Force - PKPF

ကယားပြည်နယ် လွိုင်ကော်မြို့မှာ အောက်တိုဘာလ ၆ ရက် မနေ့ညပိုင်းက စစ်ကောင်စီပစ်တဲ့ လက်နက်ကြီး ကျည် လူနေရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ် လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) သတင်းထုတ်ပြန်ပါတယ်။

လက်နက်ကြီးကျည် နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲလို့ အိမ်ထဲမှာရှိနေသူ တစ်ဦး သေဆုံးပြီး အသက် ရှစ်နှစ်နဲ့ ကိုးနှစ်အရွယ် ကလေး နှစ်ဦး အပါအဝင် ရှစ်ဦးဒဏ်ရာရခဲ့တာကြောင့် ရွှေလွိုင်ကော်ပရဟိတ အသင်းက ဒီကနေ့မနက်ပိုင်းမှာပဲ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“၉ နာရီကျော်လောက်မှာ သေနတ်သံတွေ စကြားရတာ၊ စက်သေနတ်အသံတွေရော ပြီးတော့ အမြောက်နဲ့ ထုတဲ့ အသံကြားရတယ်၊ လက်နက်ကြီးနဲ့ပါ ထုကြတာ” လို့ လွိုင်ကော်မြို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

မနေ့ညပိုင်း ကရင်နီကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်ရာမှာ ရေနီကန်၊ ဧက ၅၀၀ နဲ့ နမ့်ဘော်ဝမ် (က) ရပ်ကွက်က လူနေအိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနေဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org