မှတ်ပုံတင်နဲ့ UID အတုလုပ်သူ နှစ်ဆယ်ကျော်ကို စစ်ကောင်စီ ဖမ်းဆီး

နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နဲ့ Unique Identification Number (UID) ကတ်ပြားအတုလုပ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ ပူးပေါင်းပါဝင်သူ ၂၃ ဦးကို ဖမ်းဆီးကာ အမှုဖွင့်ထားပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၁၈ ရပ်ကွက်တွင် UID ကတ်လုပ်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဥ်။

နိုင်ငံသား စိစစ်ရေးကတ်ပြား (မှတ်ပုံတင်) နဲ့ Unique Identification Number (UID) ကတ်ပြားအတုလုပ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ ပူးပေါင်းပါဝင်သူ ၂၃ ဦးကို ဖမ်းဆီးကာ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ နိုဝင်ဘာလ ၁၇ ရက် ဒီနေ့မှာဖော်ပြပါတယ်။

လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်တဲ့ လဝကရုံး (ဟစ်တိုင်) လို့ အမည်ပေးထားတဲ့ Facebook Group ကနေ ပွဲစားတွေနဲ့ချိတ်ဆက်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ UID ကတ်ပြားအတုပြုလုပ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေကို မြို့နယ် ခုနစ်မြို့နယ်က ရဲစခန်းတွေမှာ တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ UID ကတ်ပြားအတုပြုလုပ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားရာမှာ ပါဝင်ခဲ့တဲ့ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ သုံးဦးကို သင်္ကန်းကျွန်း မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့သလို Aent Hmue အကောင့်ပိုင်ရှင်ဖြစ်တဲ့ အံ့မှူး အပါအဝင် ၁၁ ဦးကို မင်္ဂလာဒုံ မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရဲထက်စိုး အပါအဝင် ငါးဦးကို မြဝတီ မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့သလို သန့်ဇင်ထွန်းကို အင်းစိန် မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီး အောင်သူထက်ကို စမ်းချောင်း မြို့မရဲစခန်း၊ ခင်မောင်ကျော်ကို မော်လမြိုင် မြို့မရဲစခန်းနဲ့ ထက်မြတ်အောင်ကို ဒလ မြို့မရဲစခန်းမှာ အသီးသီး အမှုဖွင့်ခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ UID ကတ်ပြားအတုပြုလုပ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားတာဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့လုံခြုံရေးကို ထိခိုက်တာကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ဆေးဖော်ထုတ်ခဲ့တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီကတော့ ရုံးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး ငွေကြေးရယူ၊ အမြတ်ထုတ်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် UID နံပါတ် ရယူလိုသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် လဝကရုံးတွေမှာ နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့အတူ လူကိုယ်တိုင် သွားရောက်ပြီး အခကြေးငွေ ကုန်ကျမှုမရှိဘဲ ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးရုံးတွေက UID ကတ်ပြားနဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ လုပ်တဲ့အခါ အချိန်ကြန့်ကြာမှုတွေရှိသလို ရုံးပိုင်းဆိုင်ရာဘက်က မှားယွင်းမှုတွေကို ပြန်မပြင်ပေးတာတွေကြောင့် အခက်အခဲရှိတယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့က လူတစ်ဦးချင်းစီရဲ့ ဇီဝအချက်အလက် ကောက်ယူမှုစနစ် မှတ်ပုံတင်ပြီးမှ ထုတ်ပေးတဲ့ UID ကတ်နဲ့ နယ်စပ်ဖြတ်သန်းခွင့်ပြုတော့မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org