တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်အရာရှိကို စစ်ကောင်စီတပ် ဖမ်းဆီး

တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်လာချိန် လုပ်ငန်းတာဝန်ကနေ တိမ်းရှောင်ထွက်ပြေးတဲ့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စိန်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။

တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးကို ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲတစ်ခုတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က တွေ့ရစဥ်။ Myanmar Military

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်လာချိန် လုပ်ငန်းတာဝန်ကနေ တိမ်းရှောင်ထွက်ပြေးတဲ့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမောင်စိန်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ တောင်ကုတ်မြို့ခံတွေက ဇွန်လ ၂၅ ရက်နေ့မှာ ပြောပါတယ်။

သူတို့နှစ်ဦးဟာ ဇွန်လ ၁၈ ရက်နေ့က တောင်ကုတ်မြို့ကနေ ထွက်ပြေးစဥ် တောင်ကုတ် - ဂွ ကားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖမ်းဆီးခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကုတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ထွက်ပြေးသွားတာကို တောင်ကုတ်က လူတွေသိတယ်။ အဲဒါ ထွက်ပြေးသွားပြီဆိုပြီး သိတဲ့လူက တိုင်လိုက်တာ။ တကယ်လည်း ထွက်ပြေးဖို့ လုပ်နေကြသူတွေပါ။ သတင်းရလို့ စစ်တပ်က ဖမ်းထားတယ်”

သူတို့နှစ်ဦးကို တောင်ကုတ်မြို့ အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံခြေမြန်တပ်ရင်း ခမရ - ၅၄၄ မှာ ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးနေရာကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ယူထားတယ်လို့ တောင်ကုတ်မြို့ခံတွေက ပြောပါတယ်။

တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံကြီးမှာလည်း ဇွန်လ ပထမအပတ်ကတည်းက ဆေးရုံအုပ်ကြီးဟာ ဌာနကင်းကွာဖြစ်နေပြီး အခုအချိန်အထိ တာဝန်ပြန်မထမ်းဆောင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအပြင် ဇွန် ၂၄ ရက်မနေ့ကစလို့ တောင်ကုတ်မြို့နယ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေ မဖြစ်မနေရုံးတက်ကြဖို့ စစ်ကောင်စီဘက်က ညွှန်ကြားချက်တွေလည်း ရှိနေတယ်လို့ တောင်ကုတ်မြို့က စစ်ကောင်စီရဲ့ ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဇွန်လ ၁၅ ရက်နေ့ကစပြီး တောင်ကုတ်မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီးနောက် တောင်ကုတ် မြို့မရဲစခန်းနဲ့ တောင်ကုတ် တက္ကသိုလ်တွေမှာ စစ်ကောင်စီတပ်က အထိုင်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org