ကယားမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ
ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော်(KA) ကရင်နီတပ်မတော် ပူးပေါင်းအဖွဲ့တို့ သြဂုတ်လ ၁၂ ရက် ဒီနေ့မှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
- 2021-08-12
-
-
-
ဖရူဆိုမြို့နယ်မှာ ၂၀၂၁ သြဂုတ် ၁၂ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် ဒေသခံတစ်ဦး ခြေထောက် ထိမှန်ဒဏ်ရာရစဥ်
Photo: CJ
ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားကာကွယ်ရေး တပ်(KNDF)၊ ကရင်နီတပ်မတော်(KA) ကရင်နီတပ်မတော် ပူးပေါင်းအဖွဲ့တို့ သြဂုတ်လ ၁၂ ရက် ဒီနေ့မှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက RFA ကို ပြော ပါတယ်။
ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိပေမယ့် အရေအတွက် မသိရသေးဘူးလို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"စစ်ကောင်စီက ပစ်လို့ လူထုတွေ ဒဏ်ရာရတယ်။ အမျိုးသမီး တစ်ယောက် ပေါင်ထိတယ်။ အမျိုးသား တစ်ယောက် လက်မောင်းမှာထိတယ်။ ဒါက လူထုဘက်ကို ထိခိုက်သွားတဲ့ဟာပေါ့။ ကျနောတို့ဘက် ထိခိုက်တာတော့ တစ်ယောက်မှမရှိပါဘူး။ လောလောဆယ် ကျနော်တို့ သိထားတာကတော့ စစ်ကောင်စီ ဘက်က ထိခိုက်ကျဆုံးတာတွေရှိတယ်။ သူတို့လက်နက်တချို့ကို ကျနောတို့ဘက်က ရရှိလိုက်တာရှိတယ်။ လက်နက်က ဘယ်လိုအမျိုးအစားလဲ အသေးစိတ်ကတော့ ကျနောအတည်ပြုလို့ မရသေးပါဘူး "
ဒီနေ့မနက်ကဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲဟာ အချိန်ဆယ့်ငါးမိနစ် ကြာမြင့်ခဲ့တယ်လို့လည်းပြောပါတယ်။
တိုက်ပွဲအပြီးမှာ စစ်ကောင်စီရဲ့ ဒီးမော့ဆို ငွေတောင်မှာအခြေပြုထားတဲ့ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဖရူဆိုမြို့ ထီးပေါ်ဆိုကျေးရွာက အမျိုးသမီး တစ်ဦးနဲ့ ဒီးမောဆို ညောင်ကုန်းက အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တာလို့ဆိုပါတယ်။
ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးရှိတယ်လို့ ပြောဆိုချက်အပြင် အရပ်သားတွေ ထိခိုက် ဒဏ်ရာရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ကရင်နီပြည်နယ်မှာဆိုရင် စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA) ပူးပေါင်းအဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။