ကယားပြည်နယ်ထဲဝင်မယ့် ကုန်တင်ကားတွေ တားမြစ်ခံရ
ကယားပြည်နယ် လွိုင်ကော်မြို့ဘက်ကိုဝင်လာတဲ့ စားနပ်ရိက္ခာတွေနဲ့ တခြားကုန်ပစ္စည်းတွေကို ဇန်နဝါရီလ ၁၀ ရက်နေ့လောက်ကစပြီး စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းလမ်းခွဲဂိတ်ကနေ တားဆီးကန့်သတ်ထား တယ်လို့ ကားသမားတွေက ပြောပါတယ်။
- 2022-01-12
-
-
-
ကယားပြည်နယ် လွိုင်ကော်မြို့ဘက်ကိုဝင်လာတဲ့ စားနပ်ရိက္ခာတွေနဲ့ တခြားကုန်ပစ္စည်းတွေကို ဇန်နဝါရီလ ၁၀ ရက်နေ့လောက်ကစပြီး စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းလမ်းခွဲဂိတ်ကနေ တားဆီး ကန့်သတ်ထားတယ်လို့ ကားသမားတွေက ပြောပါတယ်။
လွိုင်ကော်မြို့ထိသွားမယ့် ကုန်တင်ကားအားလုံးကို ပေးမဖြတ်တော့ဘဲ တားဆီးထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်တင်ကားသမားတစ်ဦးက ပြောပါတယ်။
“အစားအသောက်နဲ့ စောင်ထည်တွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ သွင်းကုန်တွေကို အကုန်စစ်နေတယ်။ အောင်ပန်းလမ်းခွဲမှာ အကုန်လုံးကားတွေ ရပ်ထားခိုင်းတယ်”
ကားပေါ်မှာရှိတဲ့ ပစ္စည်းတွေအားလုံးကို စစ်ဆေးနေတာလို့လည်း ဆိုပါတယ်။
အောင်ပန်းကားဂိတ်ကနေ တခြားမြို့တွေကိုသွားတဲ့ ကုန်တင်ကားတွေကိုသာခွင့်ပြုပြီး ကယားပြည်နယ် ဘက်ကို သွားမယ့်ကားတွေကို ခွင့်မပြုတာလို့လည်း အဲဒီကားသမားက ပြောပါတယ်။
အခုလို တားမြစ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
မန္တာလေး၊ ရန်ကုန်ကနေ လွိုင်ကော်မြို့ဘက်ကိုလာတဲ့ ကုန်တင်ယာဉ်မှန်သမျှဟာ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့လမ်းခွဲကနေတဆင့် ဖြတ်သွားကြရတာဖြစ်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ ဇန်နဝါရီလ ၆ ရက်နေ့ကနေစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေကြရတာပါ။
အခုလို ကုန်စည်စီးဆင်းမှုလမ်းကြောင်းပါ ဖြတ်တောက်မှုတွေရှိလာနေတဲ့အတွက် ပြည်သူတွေ အခက်အခဲ ပိုကြုံလာရနိုင်တယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) က ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့် က ပြောပါတယ်။
“ကျနော်တို့ပြည်နယ်က စစ်ဘေးဒဏ်ကော အငတ်ဘေးဒဏ်ပါ ကြုံရတော့မယ်ဆိုတော့ အဲဒါက အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ပြောချင်တာက တောင်းဆိုနေတာပေါ့ ကုလသမဂ္ဂ အပါအဝင်ပေါ့ လူတစ်ဦး တစ်ယောက်အတွက် Save Zone ပေါ့ အမြန်ဆုံးဖန်တီးဖို့လိုတယ်။ ဒီ IDP Camp လိုပါပဲ သို့သော်လည်းပဲ ရိုးရိုး IDP Camp တော့မဟုတ်ဘူး နိုင်ငံတကာကနေပြီးတော့မှ ဒီလုံခြုံရေးနဲ့ စားနပ်ရိက္ခာကို ပူးတွဲပြီး တာဝန်ယူပေးတဲ့ ဟာမျိုးပေါ့နော် အမြန်ဆုံးဖြစ်ပေါ်လာရေးအတွက် ကျနော်တို့တွန်းရမယ်”
အခုလို ကုန်စည်စီးဆင်းမှုလမ်းကြောင်းကို ဖြတ်တောက်မှုကြောင့် လွိုင်ကော်မြို့ပေါ်မှာ ကျန်နေခဲ့ကြတဲ့ သူတွေနဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်ဘက်က တောတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် တွေအတွက်ပါ ရိက္ခာအခက်အခဲ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ကယားတစ်ပြည်နယ်လုံးမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူဟာ အခုလက်ရှိအထိ တစ်သိန်းခုနှစ်သောင်းထိရှိနေတယ်လို့ ဒေသခံ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။