စစ်ကောင်စီ လက်နက်ကြီးထိလို့ မုန်းမြို့ဒေသခံ တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
2024.06.10

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇွန်လ ၁၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၃၀၇) ရွှေဝါတပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ နတ်လောင်ကျေးရွာအုပ်စုက သရက်တိုက်ရွာကို ဇွန်လ ၉ ရက်နေ့က ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အသက် ၈၅ နှစ်အရွယ် ဒေါ်တင်ပြ လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ KNU က ပြောပါတယ်။
ဇွန်လ ၆ ရက်နေ့ကလည်း နတ်သံကွင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေက ထွနီကုန်းကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးနှစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
အလားတူ ဇွန်လ ၄ ရက်နေ့ကလည်း စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၄၀၇) က ကြိတ်ခါကုန်းရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
KNU ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး ၁,၄၉၂ ဦး ဒဏ်ရာရခဲ့ပါတယ်။