ထန်တလန်မှာ တိုက်ပွဲဖြစ် စစ်ကောင်စီ ငါးဦးထက်မနည်း သေဆုံး

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ကစပြီး စစ်ကောင်စီနဲ့ ချင်းပြည်နယ် ထန်တလန် ပြည်သူ့ ကာကွယ်ရေးတပ် CDF တို့ ဟားခါးနဲ့ ထန်တလန် နှစ်မြို့ကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာဖြစ်ပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ တိုက်ပွဲကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံများကို ၂၀၂၁ ဇွန်လအတွင်းက တွေ့ရစဉ် Photo: CJ

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ကစပြီး စစ်ကောင်စီနဲ့ ချင်းပြည်နယ် ထန်တလန် ပြည်သူ့ကာကွယ်ရေးတပ် CDF တို့ ဟားခါးနဲ့ ထန်တလန် နှစ်မြို့ကြားမှာ တိုက်ပွဲတွေပြန်ဖြစ်နေတာဖြစ်ပါတယ်။

နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထန်တလန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ CDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်နဲ့ CDF ကို တိုက်နေတာလို့လည်း ဆိုပါတယ်။

“မနေ့က မနက် ၁၀ နာရီခွဲကနေ ၁၁ နာရီခွဲ ဝန်းကျင်လောက်မှာ ပစ်ခတ်မှုတွေ ရှိခဲ့ကြတယ်။ စစ်ကောင်စီ ဘက်က ငါးယောက်ထက်မနည်း ကျရှုံးတယ်။ ကျွန်တော်တို့ဘက်မှာ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ အခြေ အနေကတော့ ကောင်းကောင်းပြောလို့ မရသေးဘူး။ ပြင်ဆင်ထားတာတော့ရှိတယ်။ သူတို့ဘက် လှုပ်ရှားမှု အပေါ်မှာ မူတည်တယ်။ ကျွန်တော်တို့ ထန်တလန် CDF ဘက်ကလည်း တတ်နိုင်သလောက် ထန်တလန် မြို့နယ်ဘောင်အတွင်းမှာ စစ်ကောင်စီတွေ လှုပ်ရှားလာမယ်ဆိုရင် တတ်နိုင်သလောက် စွမ်းစွမ်းတမံ ခုံခံကာကွယ်မယ်“

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေး - ဖလမ်း - ဟားခါး - ထန်တလန် လမ်းအတိုင်း စစ်ကြောင်းလိုက် ချီတက်လာဖြစ်ပြီး ဟားခါး-ထန်တလန်အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ် တယ်လို့ အဲဒီတပ်ဖွဲ့ဝင်က ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တဲ့အတွက် လူအင်အား လက်နက်အင်အား မမျှတာကြောင့် CDF တပ်ဖွဲ့ဝင်တွေ နောက်ကိုဆုတ်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတွေနဲ့ ပတ်သက်လို့ကတော့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

"ထန်တလန်မြို့နယ်ဘောင်အတွင်းမှာ စစ်ကောင်စီတွေ လှုပ်ရှားလာမယ်ဆိုရင် တတ်နိုင်သလောက် စွမ်းစွမ်းတမံ ခုံခံကာကွယ်မယ်"

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောဖွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံခြေဆိုခြင်း မရှိပါဘူး။

တိုက်ပွဲဖြစ်ပြီးတဲ့နောက် မနေ့ညပိုင်းက ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများ အပြားနဲ့ ဧည့်စာရင်းတွေ စစ်ဆေးနေပြီး လုံခြုံရေးပိုင်း တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထန်တလန်မြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“မနေ့ညက ညီမတို့ရပ်ကွက်မှာ ဧည့်စာရင်းစစ်တယ်။ CDM မလုပ်တဲ့ အရာရှိအိမ်ကိုတော့ ကျော်သွား တယ်။ ဧည့်စာရင်းစစ်တာက မရှိသလောက်ပဲ။ ဒါပေမဲ့ မနေ့ညကတော့ ထူးထူးခြားခြားပဲ။ လက်ရှိအသွား အလာကဖြစ်နိုင်ရင် လုံးဝအပြင်မထွက်ခိုင်းဘူး။ ညီမတို့ အိမ်ထဲမှာပဲနေတယ်။ မနေ့ကထိတော့ လမ်းဆုံ တွေဘာတွေမှာရှိတယ်လို့ ပြောကြတယ်။ အပြင်တွေဘာတွေက မဖြစ်မနေဆိုရင် ထွက်ကြတယ်။ အရင် တုန်းကလို ကြိုက်တဲ့အချိန်ထွက်တာတော့ မဟုတ်ဘူး။ အကုန်လုံးက သတိနဲ့နေကြတယ်။ ပုံမှန်ထက် တော့ သတိထားနေရတယ်။ မြို့တွင်းမှာလည်း သူတို့ ရောက်နေကြပြီဆိုတော့လေ။ မနေ့ကဆိုရင် ဟားခါးနဲ့ ထန်တလန်ကြားမှာ CDF တွေ ထုတ်ပြန်ထားသလိုပဲ။ လက်နက်ကြီးတွေနဲ့ ချနေတာ။ ညီမတို့ ထန်တလန်မြို့ပေါ်ကတောင် အသံကြားနေရတယ်“

ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားရောက်လာတာကြောင့် ဒေသခံ ပြည်သူတွေ အနေနဲ့ ကိစ္စရှိမှသာ အိမ်ပြင်ထွက်သွားလာတာတွေလုပ်ကြပြီး ကြောက်လန့်နေရတယ်လို့ အဲဒီ ဒေသခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ထန်တလန်မြို့နဲ့ ၁၆ မိုင်ကွာဝေးတဲ့ ဇိုဖေဒေသအတွင်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေ လှုပ်ရှားလာတာမျိုး မရှိသေးပေမယ့် လူအင်အား လက်နက်အင်အား ကြိုတင်ပြင်ဆင်ထားတယ်လို့ CDF ဇိုဖေ (CDF-Zophei) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

(ချင်းပြည်နယ် ထန်တလန်မြို့မှာ တိုက်ပွဲကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံများကို ၂၀၂၁ ဇွန်လအတွင်းက တွေ့ရစဉ် - Photo: CJ)

“လက်ရှိအချိန်အထိတော့ စစ်ကောင်စီဘက်က လှုပ်ရှားတာ မရှိတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က ခံစစ်အနေအထားလောက်ပဲ ရှိပါသေးတယ်။ တကယ်လို့ သူတို့ ဝင်လာခဲ့ရင်တော့ တစ်မျိုးပေါ့လေ။ လက်ရှိအချိန်အထိတော့ စိတ်ပူပန်မှုတော့ရှိတယ်။ တတ်နိုင်သလောက်တော့ လူအင်အား လက်နက် အင်အား စုဆောင်းပြင်ဆင်ထားတယ်“

ဇိုဖေဒေသမှာနေကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သတင်းပေးတာ၊ ထောက်ပံ့ပူးပေါင်း တာတွေ မလုပ်ဖို့၊ အိမ်စီးကား၊ ကုန်တင်ကားတွေအနေနဲ့ သွားလာရာမှာ ကားမှန်တင်၊ မိုးကာတွေအုပ်ပြီး မမောင်းဖို့၊ မလိုအပ်ဘဲ ဟားခါး-ထန်တလန်နဲ့ တခြားနယ်ဝေးတွေကို လည်ပတ်တာတွေမလုပ်ဖို့နဲ့ သွားလာ လိုရင် CDF ဇိုဖေ (CDF-Zophei) အဖွဲ့ဆီ သတင်းပို့ဖို့ဆိုပြီး သတိပေး ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org