ယင်းမာပင်မှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တစ်နေကုန် တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ နိုဝင်ဘာလ ၉ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေ တစ်နေကုန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PDF ဘက်က ငါးယောက် သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: Sagaing PDF

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ နိုဝင်ဘာလ ၉ ရက် မနေ့က စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံ PDF ပူးပေါင်းတပ်တွေ တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဘက်က ငါးယောက် သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့တွေက ပြောပါတယ်။

ဆားလင်းကြီး PDF အဖွဲ့က အလောင်း ငါးလောင်း တွေ့ခဲ့တယ်လို့ ယင်းမာပင်မြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

“မနေ့ တနေကုန်တိုက်ကြတာပဲ၊ သူတို့ဘက်ကလည်း ပစ်တယ်။ ဒီဘက်ကလည်း မိုင်းခွဲတိုက်တာတွေနဲ့ ချတယ်။ တူမီးနဲ့ ပစ်တယ်။ ဖိုလ်ဝင်တောင်နဲ့ အင်ကြင်းတောင် အနီးတဝိုက်ဖြစ်ကြတာကို စစ်သားတွေက မောက်သရက်ရွာဘက်ကနေ ပတ်ပြီးလမ်းကြောင်းနှစ်ခုနဲ့ တိုက်တော့ ကာကွယ်ရေးတပ်သားတချို့ ပြန်ဆုတ်ချိန် မရခဲ့ဘူး၊ ဆားလင်းကြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က လေးယောက် ပျောက်နေတာကို သုံးယောက်အလောင်း ဒီကနေ့မနက်က တွေ့တာပေါ့၊ ကျန်တဲ့တစ်ယောက်ကတော့ မသိရသေးဘူး။ စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေရှိပေမယ့် အရေအတွက် အတိအကျတော့ မပြောနိုင်ဘူး“

စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင်ဟာ ခြေလျင်လမ်းလျှောက်ပြီး စစ်ကြောင်းထိုးလာရာမှာ ဖိုလ်ဝင်တောင် လမ်းခွဲအနီးအရောက်မှာတော့ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကနီ စတဲ့ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေပေါင်းပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မနေ့ညက ရွာသာရွာမှာ ညအိပ်ခဲ့ပြီး ဒီကနေ့မနက်မှာတော့ ယင်းမာပင်မြို့ အတွင်းကို ခြေလျင်စစ်ကြောင်း သုံးကြောင်းခွဲဝင်ရောက်လာပြီး ပုလဲမြို့နယ်ဘက်ကို ဆက်ထွက်ခွာသွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးသလို တပ်မတော် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

စစ်အာဏာရှင်ကို ရရာလက်နက်နဲ့ ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေတဲ့ ကနီ၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ် တို့ကို စစ်ကောင်စီက အင်တာနက်လိုင်းတွေဖြစ်တောက်ထားတာ အချိန် နှစ်လနီးပါးခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org