နှစ်ပတ်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၉၀ ကျော်ဖြစ်ခဲ့ကြောင်း KNU ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၉၂ ကြိမ်အထိ ဖြစ်ခဲ့တယ်လို့ KNU က မနေ့က ထုတ်ပြန်ပါ တယ်။
- 2021-10-17
-
-
-
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၉၂ ကြိမ်အထိ ဖြစ်ခဲ့တယ်လို့ KNU က မနေ့က ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၁၂၆ ဦး သေဆုံးပြီး ၁၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး KNU ဘက်က သေဆုံးသူ နှစ်ယောက်ပဲရှိတယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့ကနေ ရှေ့လာမယ့်နှစ် ၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီလကုန်အထိ ငါးလတာ အပစ် အခတ်ရပ်စဲမယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် ကရင်ပြည်နယ်ထဲမှာတော့ အဲဒီ အောက်တိုဘာလ ၁ ရက်နေ့ကတည်းကစလို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနေတာဖြစ်ပါတယ်။
"စစ်ကောင်စီဘက်က နယ်မြေချဲ့ထွင်မှုတွေ၊ စစ်အင်အားတိုးချဲ့မှုတွေ ရှိလာတဲ့အပေါ်မှာကျတော့ စစ်ဘေးရှောင်တွေ များလာနိုင်ဖွယ်ရှိတယ်"
စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေ၊ နယ်မြေစိုးမိုးမှုတွေ ပိုမိုလုပ်လာတာကြောင့် နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲတွေ ဖြစ်လာနေတာလို့ KNU ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး – ၂ (ဟောင်း) ပဒို မန်းမန်းက RFA ကို ပြောပါတယ်။
“တပ်တိုးချတာ ရှိတော့ရှိမှာပေါ့ တိုက်နေကြတော့လည်း ဒါတွေက သမာရိုးကျဖြစ်သွားပါပြီ သူတိုက်တယ် ကိုယ်တိုက်တယ်ပေါ့။ ဒီပြင့်ဟာတော့ ပြောမနေတော့ပါဘူး။ သူတွေ့ သူချ ကိုယ်တွေ့ ကိုယ်ချပဲ"
KNU တပ်မဟာ (၁)၊ တပ်မဟာ (၂)၊ တပ်မဟာ (၅)၊ တပ်မဟာ (၆) စတဲ့ ထိန်းချုပ်နယ်မြေလေးခုမှာ တိုက်ပွဲတွေ အဓိကဖြစ်နေတာပါ။
စစ်ကောင်စီဘက်က သေဆုံးခဲ့တဲ့သူတွေထဲမှာ ဗိုလ်အဆင့်၊ ဒု-ဗိုလ်အဆင့်၊ တပ်ခွဲမှူးအဆင့်နဲ့ G1 အဆင့်ရှိသူ တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
နှစ်ပတ်အတွင်းမှာတင် စစ်ကောင်စီဘက် ၁၂၆ ဦး သေဆုံးခဲ့ရတယ်ဆိုတဲ့ KNU ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက် ဘာမှထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး၊ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းနိုင်ဖို့ RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာကြောင့် ကရင်ပြည်နယ် တစ်ခုလုံးက စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် လောက်ဟာ တောတောင်တွေမှာဘဲ ပုန်းရှောင်နေကြသလို၊ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကရင် လူ့အခွင့်ရေးအဖွဲ့ (KHRG) က RFA ကို ပြောဆိုထားပါတယ်။
ကရင်ပြည်နယ်ထဲက စစ်ရှောင်တွေအရေး အကူအညီပေးနေတဲ့ ဒေါကလူကွန်ရက်ရဲ့ အထွေထွေ အတွင်းရေး မှူး ယအဲ့နကလည်း အခုတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ ပိုပြီးတိုးလာဖွယ်ရှိတယ်လို့ ဆိုပါတယ်။
“စစ်ဘေးရှောင်တွေ ထပ်ပြီးတော့ တိုးလာဖွယ်ရှိတယ်။ စစ်ကောင်စီဘက်က နယ်မြေချဲ့ထွင်မှုတွေ၊ စစ်အင်အားတိုးချဲ့မှုတွေ ရှိလာတဲ့အပေါ်မှာကျတော့ စစ်ဘေးရှောင်တွေ များလာနိုင်ဖွယ်ရှိတယ်။ နောက်ပြီးတော့ ပစ်ခတ်မှုတွေလည်း ပိုရှိလာနိုင်ဖွယ်ရှိတယ်ပေါ့နော်။ အခုလည်းဖြစ်နေကြတာပဲပေါ့နော် ပစ်ခတ်မှုက ဖြစ်နေကြတာပဲ”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဟာ အပစ်ရပ်ကြေညာပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာနဲ့ တိုက်ပွဲတွေ ဖော်ဆောင်နေတာကြောင့် တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမယ်လို့ RFA ကို ပြောပါတယ်။
“စစ်ကောင်စီကတော့ ထုံးစံအတိုင်း မီးစတစ်ဘက် ရေမှုတ်တစ်ဘက်လုပ်နေတာပါပဲ။ သူ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ကာလဟာ သူ့ဟာသူ ငါးလပဲပြောပြော ငါးနှစ်ပဲပြောပြော၊ ဘာမှ လက်တွေ့ ဗမာပြည်ရဲ့ ပြည်တွင်းစစ်ပြဿနာ မဖြေရှင်းနိုင်ယုံတင်မကဘူး ပိုပိုပြီးတော့ အခြေအနေက ရှုပ်ထွေးလာပါတယ်။ သူဘာတွေပဲ ငြိမ်းချမ်းရေးစကားတွေပြောနေ ရေရှည်မှာကတော့ ပြည်တွင်းစစ် အရှိန်အဟုန်ဟာ ပိုနက်ရှိုင်းပြီးတော့မှ ဗမာပြည်ဟာ ပြည်တွင်းစစ် ချောက်ကမ်းပါးထဲမှာ နစ်မွန်းတော့ မယ့် အခြေအနေကို ဦးတည်နေတယ်လို့ပဲ သုံးသပ်ချင်ပါတယ်”
ကရင်ပြည်နယ်မှာလည်း တပ်မဟာ ၇ ခုလောက်နဲ့ နယ်မြေအသီးသီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို နောက်ပေါ်လာမယ့် PDF တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် ကရင်ပြည်နယ်မှာကတော့ တိုက်ပွဲအရှိန်အဟုန်တွေကလည်း ဆက်လက်မြင့်တက် လာနိုင်ဖွယ်ရှိတယ်လို့ သူက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတစ်လအတွင်း စစ်ကောင်စီနဲ့ KNU လက်အောက်ခံတပ်တွေ တိုက်ပွဲပေါင်း ၂၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၂၃၄ ဦး KNU ဘက်က သေဆုံးသူ ငါးဦးရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တို ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က ဒဏ်ရာရရှိသူ ၂၆၅ ဦးရှိပြီး KNU လက်အောက်ခံတပ်တွေဘက်က ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ခုခံတော်လှန် ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့က ကြေညာလိုက်တဲ့နောက်ပိုင်းမှာ တစ်တိုင်းပြည်လုံးမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီကို စစ်ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်ပြီး ဖြေရှင်းမှာကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို၊ ဗြိတိန်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ နောက်ထပ် ပဋိပက္ခေတွေကို ထပ်မဖြစ်စေ ချင်တော့ဘူးလို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ မိမိရဲ့ ဂုဏ်သိက္ခာ ကျဆင်းမှုကို ကယ်တင်ဖို့အတွက် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ကတိကဝတ်ပြုမှုကို တရားဝင်ကြေညာချက် ထုတ်ပြန်ဖို့၊ နိုင်ငံရေးမှာ ပါဝင်မှုကနေ နုတ်ထွက် ကြောင်း တပ်မတော်အနေနဲ့ ကြေညာပေးဖို့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ ၆ နှစ် ပြည့်နေ့မှာ ကရင်အမျိုးသား အစည်းအရုံး KNU က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။