တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးကို အဓိကသုံးခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုးမြို့နယ်ခွဲထဲက စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေ အဓိကထားသုံးစွဲပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့က အောက်တိုဘာလ ၁၁ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ် Photo: MNDAA ပြန်ကြားရေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုးမြို့နယ်ခွဲထဲက စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေ အဓိကထားသုံးစွဲပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့က အောက်တိုဘာလ ၁၁ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ မုံးကိုးမြို့ထဲက ရွာအချို့မှာ ကိုဗစ် - ၁၉ ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ နေရာအများအပြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခဲ့သလို ပန်ဆေးဒေသ လက်ဝါးကပ်တိုင်တောင်က ကာကင်းစခန်းကိုလည်း ၆၀ မမ၊ ၈၀ မမ၊ ၁၁၀ မမ စတဲ့လက်ကန်ကြီးတွေနဲ့ ပစ်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ကလည်း မုံးကိုးဒေသ မုန်းဟုန်နဲ့ ရှင်ကိုင်းရွာကြားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဦး ဒဏ်ရာရခဲ့သလို အဲဒီနေ့ညနေပိုင်းမှာပဲ မုံးကိုးနဲ့ ပန်ဆိုင်းကြားက နမ့်ဟူးရွာ နားမှာ တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ ကိုကန့်တပ်ဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မုံးကိုးဒေသထဲမှာ ပြီးခဲ့တဲ့လကတည်းက ကိုးကန့်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ရက်ခြားပုံမှန်ဖြစ်နေသလို စစ်ကောင်စီရဲ့ယာဉ်တန်းတွေနဲ့ ကင်းပုန်းတွေ ကိုလည်း ကိုးကန့်တပ်ဖွဲ့က တိုက်ခိုက်တာတွေရှိတာကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရှိမှု ဆယ်ဂဏန်း လောက်အထိ ရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။

မုံးကိုးဒေသမှာ အထူးစစ်ဆင်ရေးလုပ်နေတယ်ဆိုတာမျိုး မဟုတ်ဘဲ အရင်ဆောင်ရွက်နေကြအတိုင်းပဲ လုပ်ဆောင်နေတာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ပေါ်ဘုရားကျောင်း၊ ဖောင်ဆိုင်ရွာနဲ့ ပန်ဆိုင်းမြို့နယ်ခွဲ ဖိုင်းကောင်းရွာတွေမှာ ဒေသခံနှစ်ထောင်ကျော် ဒီနေ့အထိ စစ်ရှောင်နေဆဲဖြစ်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ဟာ မုံးကိုးနဲ့ပန်ဆိုင်းဒေသကိုခြေကုပ်ယူပြီး သူတို့ရဲ့မူလနေရာ ကိုးကန့်ဒေသကို ပြန်လည် သိမ်းပိုက်ဖို့ ဆောင်ရွက်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြသလို စစ်ကောင်စီ ကလည်း မုံးကိုးဒေသကို စစ်အင်အားတွေ ပိုမိုတိုးချဲ့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း လားရှိုး - သိန္နီကြား (၁၄) မိုင်ရွာအနားမှာ ကိုးကန့်တပ်ဖွဲ့နဲ့ စစ် ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ခရီးသွားကားတွေ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဩဂုတ်လဆန်းပိုင်းကစပြီး မုံးကိုးဒေသတဝိုက် ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ စိပ်လာသလို မုံးကိုးနဲ့ ပန်းဆိုင်းအကြား ဖိုင်းကောင်းရွာအနားမှာ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာပါ။

လက်ရှိမှာလည်း မုံးကိုးမြို့နယ်ခွဲ ဖောင်းဆိုင်ရွာ၊ ပန်ဆိုင်းမြို့နယ်ခွဲ ဖိုင်းကောင်း၊ ကောင်းစထီး စတဲ့ရွာတွေမှာ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org