ဂန့်ဂေါ-ကလေး လမ်းတစ်လျှောက် တိုက်ခိုက်မှုတွေပိုပြင်းထန်လာ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ကားအစီးရေ ၅၀ ကျော်ပါတဲ့ ယာဉ်တန်းကို ပဒေသာဆွဲမိုင်း ၁၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားငါးစီးနဲ့ တင့်ကား တစ်စီးပျက်စီးခဲ့သလို စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်- ဂန့်ဂေါ (YDF – Gangaw) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တစ်ချို့ကို တွေ့ရစဉ် Photo: PDF Loikaw

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ကားအစီးရေ ၅၀ ကျော်ပါတဲ့ ယာဉ်တန်းကို ပဒေသာဆွဲမိုင်း ၁၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားငါးစီးနဲ့ တင့်ကားတစ်စီးပျက်စီးခဲ့သလို စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်- ဂန့်ဂေါ (YDF – Gangaw) က ဒီနေ့ ထုတ်ပြန်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေအရ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့ကိုကို ဆက်သွယ်ထားတဲ့ ဂန့်ဂေါကလေး ကားလမ်းတစ်လျှောက် ခရီးမသွားကြဖို့ ယောဒေသကာကွယ်ရေးတပ် (YDF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလမ်းမကြီးဟာ စစ်ကောင်စီက စစ်ရေးအတွက် အသုံးချနေတဲ့ အဓိကလမ်းမကြီးတစ်ခုဖြစ်လို့ တိုက်ခိုက်မှု တွေရှိနေတာလို့ ယောဒေသကာကွယ်ရေးတပ် YDF က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

“ဂန့်ဂေါ-ကလေး ကားလမ်းမကြီးက ဗျူဟာကျတယ်ဗျ။ ဘာလို့လဲဆို သူတို့အတွက် စစ်ကောင်စီက ဒီလမ်းကြီးကိုဖြတ်တောက်ထားလို့ရှိရင် သူတို့အခက်အခဲဖြစ်တယ်။ ကုန်းလမ်းမကြီးကို ဖြတ်တောက် ထားရင် သူတို့စားနဲ့ရိက္ခာ လေကြောင်းနဲ့ပို့ရမယ်။ နောက်ကို ဆောင်းပိုင်း၊ နွေပိုင်းရောက်ရင် ရေခမ်း တော့မှာဆိုတော့ ရေကြောင်းလည်း သူတို့အဆင်မပြေတော့ဘူး။ ဒါဆိုတော့ ဒီလမ်းမကြီးကိုပဲ အသုံးပြု ရတော့မယ့်အတွက် ဒီလမ်းကြောတွေကို အကုန်လုံး နယ်မြေရှင်းလင်းရေး ပုံစံမျိုးနဲ့လုပ်တာဗျ ချင်း တောင်ကိုတက်ဖို့ဆိုရင် ဒီလမ်းမကြီးကို အသုံးမပြုဘဲနဲ့ သွားလို့ကိုမရဘူးဗျ”

မနေ့က တိုက်ခိုက်မှုအတွင်း ထိခိုက်မှုအရေအတွက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင် သေးပါဘူး။

"ဂန့်ဂေါနယ်အတွက် မြိုင်ဘက်ကနေတက်လာတဲ့ စစ်ကားတွေ ဂန့်ဂေါဘက်ကိုဦးတည်ပြီးမှ လာနေပြီလေ"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မနေ့က ဂန့်ဂေါမြို့နယ်မှာ စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရတယ်ဆိုတာ မှန်ကန်ကြောင်းနဲ့ တိုက်ခိုက်ခံရမှုမှာ စစ်ကားနှစ်စီးပျက်စီးပြီး စစ်သားတစ်ချို့သာ ဒဏ်ရာရရှိတယ်လို့ RFA ကို ပြောပါတယ်။

ဂန့်ဂေါနယ်ဟာ ချင်းတောင်တန်းနဲ့ ပုံတောင်ပုံညာ တောင်တန်းတွေကြားက တောင်မြောက်သွယ်တန်းနေတဲ့ မြစ်သာမြစ်ဝှမ်းလွင်ပြင်ဒေသ ဖြစ်ပါတယ်။

မကွေးတိုင်းရဲ့ အနောက်မြောက်ဘက်စွန်းမှာတည်ရှိတဲ့ ဂန့်ဂေါနယ်ဟာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့ နယ်မြေချင်း ဆက်စပ်နေပြီး အဲဒီဒေသကို ခြေကုပ်ယူထားတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေလည်း အခုရက်ပိုင်း ခပ်စိပ်စပ်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေကလည်း သူတို့ အသာစီးရနိုင်ဖို့အတွက် ဂန့်ဂေါနယ်ထဲမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို သံချပ်ကာကားတွေ၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ပို့ဖို့လုပ်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ် တွေက RFA ကို မကြာသေးခင်က ပြောဆိုထားပါတယ်။

တိုက်ပွဲတွေကြောင့် ဂန့်ဂေါ-ကလေးကားလမ်းပိုင်းမှာလည်း ကားအသွားအလာတွေ မရှိသလောက် နည်းသွား တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂန့်ဂေါမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်ရှိအခြေအနေမှာတော့ တိုက်ပွဲက စိပ်နေတာဆိုတော့လေ ကျွန်မတို့ သတင်းကြားတာကတော့ ပုံတောင်ပုံညာနဲ့ ကလေးလမ်းကြောင်းကို သူတို့စစ်ဆင်ရေး ပုံစံမျိုးလုပ်နေတယ်။ နောက်ပြီး ဖိအားတွေ တအားပေးနေတယ်။ လူအင်အားအများအပြားနဲ့ နေရာချထားတယ်ဆိုတော့ တိုက်ပွဲကလည်း ခဏ ခဏဖြစ်တယ်လေ။ ခရီးသွားခရီးလာတွေက အဆင်မပြေဖြစ်တာပေါ့။ ကားတွေလည်း မထွက်ခိုင်းဘူး”

ကားတွေမထွက်လို့ ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက်နေပြီး ကုန်ဈေးနှုန်းတွေကြီးမြင့်တာ၊ တိုက်ပွဲကြောင့် အသက်မွေးဝမ်းကြောင်းအလုပ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ရပ်နားထားရတာကြောင့် စားဝတ်နေရေးတွေ ခက်ခဲလာနေတယ်လို့ သူက ပြောပါတယ်။

ဂန့်ဂေါနယ်နဲ့ တဆက်တည်းဖြစ်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း အခုနောက်ပိုင်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့က ကလေးမြို့ဘက်ကနေ ထွက်ခွာလာတဲ့ ကား ၁၀ စီးပါတဲ့ စစ်ယာဉ် တန်းက ပန်းမွန်ချောင်းတံတားအကျော်မှာ ခဏရပ်ပြီး မိုင်းရှာဖွေစဉ်မှာ ကလေး PDF အဖွဲ့က မိုင်းခွဲတိုက် ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ကိုးဦး သေဆုံးခဲ့တယ်လို့ ကလေး PDF က သတင်းထုတ်ပြန်ပါတယ်။

လက်ရှိမှာ ဂန့်ဂေါကလေး ကားလမ်းမှာ စစ်ကောင်စီတပ်တွေက နေရာတိုင်းလိုလို ကင်းပုန်းဝပ် စောင့်ဆိုင်းနေကြပြီး မကွေးတိုင်းဘက်ကနေ စစ်သားအများအပြား စစ်ယာဉ်တန်းနဲ့ ချီတက်လာတာကြောင့် ဒေသခံတွေ ကြိုတင်တိမ်းရှောင်နေရပြီး တိုက်ပွဲတွေထပ်ပြီးပြင်းထန်လာမှာကို စိုးရိမ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

“ဒီဂန့်ဂေါနယ်အတွက် မြိုင်ဘက်ကနေတက်လာတဲ့ စစ်ကားတွေ ဂန့်ဂေါဘက်ကိုဦးတည်ပြီးမှ လာနေ ပြီလေ။ အဲဒါတော့ ကျနော်တို့ ကလေးနယ် ဂန့်ဂေါနယ်ကို သူတို့လွှမ်းမိုးဖို့ ထိထိရောက်ရောက် နှိမ်နင်း ဖို့ဆိုတဲ့ အနေအထားမျိုးတွေ သက်ရောက်နေတာဖြစ်တဲ့အတွက် ကျနော်တို့ ပြည်သူတစ်ရပ်လုံးကတော့ ဒီကာလကို ရင်တမမနဲ့ စောင့်နေရသလိုပေါ့ဗျာ။ အခုတော့ စိုးရိမ်နေကြတာပဲ ပြည်သူတွေကတော့လေ။ အခုလာမယ့် စစ်ယာဉ်တန်းက ကျနော်တို့ ဒေသတွေမှာတော်တော်လေး လွှမ်းမိုးမယ့်ပုံစံမျိုး ကြားနေရ တာလေ။ တော်တော်လေးတော့ အခြေအနေမကောင်းဘူးဗျ။ သူတို့ရောက်လာရင်တော်တော်လေး အခက်တွေ့မှာ ပြည်သူလူထုအနေနဲ့”

(ကယားပြည်နယ် လွိုင်ကော်မြို့က စစ်ကောက်စီတပ်ဖွဲ့ဝင်တစ်ချို့ကို တွေ့ရစဉ်)

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက အင်တာနက်လိုင်းတွေဖြတ်ပြီး သတင်းအမှောင်ချထားသလို စစ်ကောင်စီတပ်တွေက လက်နက်အင်အား လူအင်အား ဖြည့်တင်းနေတာဟာ စစ်ဆင်ရေးကြီးတစ်ခု ပြုလုပ်ဖို့ဖြစ်တယ်ဆိုတဲ့ သံသယတွေကြောင့် ဒေသခံတွေ ထိတ်လန့်နေကြသလို ဒေသတွင်း PDF အဖွဲ့တွေကလည်း ခုခံစစ်ဆင်နွှဲဖို့ ပြင်ဆင်နေတယ်လို့ ဆိုကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဂန့်ဂေါနယ်မှာ လူသတ်မှုတွေ များလာတဲ့အတွက် စစ်တပ်က ဝင်ရောက်ထိန်းချုပ်နေတာလို့ တုံ့ပြန်ပါတယ်။

စစ်ကောင်စီကို မြန်မာနိုင်ငံလုံးအတိုင်းအတာနဲ့ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ခုခံတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့က ကြေညာလိုက်တဲ့နောက်ပိုင်းမှာ တစ်တိုင်းပြည်လုံးမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီကို စစ်ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်ပြီး ဖြေရှင်းမှာကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို၊ ဗြိတိန်နိုင်ငံကလည်း မြန်မာနိုင်ငံမှာ နောက်ထပ် ပဋိပက္ခတွေကို ထပ်မဖြစ်စေချင် တော့ဘူးလို့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org