နှစ်သုံးဆယ်နီးပါး တပ်စွဲခဲ့တဲ့ စခန်းသုံးခုကို စစ်ကောင်စီ စွန့်ခွာ

KNU ထိန်းချုပ်နယ်မြေထဲမှာ ၂၈ နှစ်ကြာအောင် တပ်စွဲနေထိုင်ခဲ့တဲ့ တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်က စွန့်ခွာသွားခဲ့ပါတယ်။

စစ်ကောင်စီတပ် တပ်စွဲနေထိုင်ခဲ့သည့် စခန်းများအား KNU မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က ရှင်းလင်းခဲ့စဉ်။ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ပဲခူးတိုင်း တောင်ငူခရိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ ၂၈ နှစ်ကြာအောင် တပ်စွဲနေထိုင်ခဲ့တဲ့ တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်က စွန့်ခွာသွားခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီလ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ - ၂၀ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ -၅၂၈ နဲ့ ခမရ -၅၉၃ တပ်တွေ တပ်စွဲခဲ့တဲ့ ထင်းရှုးတောင်စခန်း၊ ဘူဆာခီးစခန်းနဲ့ သီးမူပေါ်စိုးစခန်းတွေကို စွန့်ခွာသွားခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီလ ၁၃ ရက်ကနေ ၁၅ ရက်အထိ စခန်းတစ်ခုပြီးတစ်ခု စွန့်ခွာခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သားတွေ စွန့်ခွာသွားတဲ့ စခန်းသုံးခုစလုံးကို KNU တပ်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

KNU တပ်တွေက ဒီစခန်းတွေအတွက် ရိက္ခာထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် အခုလို တပ်စခန်းတွေကို စွန့်ခွာသွားတာလို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီစခန်းတွေမှာ စစ်ကောင်စီတပ်က ၁၉၉၅ ခုနှစ်ကတည်းက တပ်စွဲနေထိုင်ခဲ့တာပါ။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်ရဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီတပ်စခန်း ၆၂ ခုကို KNU က သိမ်းယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org