တရုတ်နယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA သိမ်းပိုက်

မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးက စစ်ကောင်စီရဲ့ အမှတ် - ၃၆၆ ယောယုံ အမြောက်တပ်နဲ့ ဖလန်းတောင်တပ်စခန်းကို KIA က မနေ့က သိမ်းပိုက်ခဲ့ပါတယ်။

မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးမှ စစ်ကောင်စီ၏ အမှတ် - ၃၆၆ ယောယုံ အမြောက်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က KIA က သိမ်းပိုက်ခဲ့စဉ်။ The Kachin Net

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ် မှာရှိတဲ့ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးက စစ်ကောင်စီရဲ့ အမှတ် - ၃၆၆ ယောယုံ အမြောက်တပ်နဲ့ ဖလန်းတောင်တပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က မနေ့က သိမ်းပိုက်ခဲ့တယ်လို့ ဒီအခြေအနေကိုသိရှိထားတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ယောယုံ အမြောက်တပ်စခန်းကို မနေ့ နေ့လယ်က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်ကလည်း လေကြောင်းသုံး ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဒီအခြေအနေကိုသိရှိထားတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ယောယုံလည်း အကုန်ရပြီ။ ဖလန်းစခန်းလည်း မနေ့ကရတယ်။ မနေ့က ရတာ အဲစခန်း နှစ်ခုပေါ့။ သိမ်းပြီးပစ္စည်းတွေ သွားသိမ်းတဲ့အချိန် သူတို့ လေကြောင်းနဲ့ လာပစ်တာလည်းရှိခဲ့တယ်”

ယောယုံ အမြောက်တပ်စခန်းဟာ လွယ်ဂျယ်မြို့နဲ့ ၇ မိုင်ခန့်အကွာမှာရှိပြီး စစ်ရေးအရ အရေးပါတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ လွယ်ဂျယ်မြို့ကို KIA တပ်တွေ ရောက်ရှိနေပြီး မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ခွာဖို့ ညှိနှိုင်းနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ဦးမိုးမင်းသိန်းနဲ့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

KIO သတင်းနဲ့ပြန်ကြားရေးဌာရဲ့ The Kachin Net ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့ ဗန်းမော်-လွယ်ဂျယ်လမ်းက စစ်ကောင်စီ တပ်စခန်းတွေကို မတ် ၂၇ ရက်နေ့ကနေ စတင်တိုက်ခိုက်ခဲ့ပြီး ရှန်းတိုင်း၊ ဘန်ယောင်း၊ လော့မွန်၊ ဖလန်း စစ်ကောင်စီတပ်နဲ့ ဗျူဟာမှူးထိုင်တဲ့ ယောယုံတပ်စခန်းကို သိမ်းပြီးပြီလို့ မတ် ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။

မတ်လ ၇ ရက်နေ့က KIA ဌာနချုပ် လိုင်ဇာအနီးနဲ့ မိုးမောက်၊ ဝိုင်းမော်မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၈ ရက်နေ့အထိ စခန်းပေါင်း ၄၀ ကျော်ကို သိမ်းပိုက်ထားတယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org