ဆွမ်ပရာဘွမ်က စစ်ကောင်စီတပ်စခန်းတစ်ခု အသိမ်းခံရ

ဆွမ်ပရာဘွမ်မြို့နယ် ဒရူခရွာတံတားထိပ်က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းယူလိုက်ပါတယ်။

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့အား ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ဒရူခရွာတံတားထိပ်က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က စက်တင်ဘာ ၂၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို အတည်ပြုပါတယ်။

ခလရ (၅၈) တပ်ရင်း လက်အောက်ခံ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ တပ်စခန်းကို ငါးနာရီနီးပါး တိုက်ခိုက်သိမ်းယူခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းမိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“စခန်းသိမ်းလိုက်တာ ဟုတ်ပါတယ်။ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်။ စခန်းကိုတော့ မီးရှို့ဖျက်ဆီးလိုက်ပြီး ပြန်ဆုတ်သွားတယ်။ အဲမှာတော့ အခုထိ စစ်ကောင်စီဘက်ကလည်း ပြန်လာတပ်စွဲတာ မရှိသေးဘူး”

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး စစ်တပ်အရာခံဗိုလ်တစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ KIA ဘက်ကတော့ တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရရခဲ့တယ်လို့ ကေအိုင်အေရဲ့ သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

လိုင်ဇာမြို့အနီး အောင်ဂျာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ KIA က ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org